Friday, April 5, 2013

အိန္ဒိယတွင် ဒေါ်လာ ၃ သန်းခန့်တန် မူးယစ်ဆေးများ ဖမ်းမိရာ မြန်မာ နှစ်ဦးပါ

0 comments
ဧပြီ(၅)

နယူးဒေလီ (မဇ္ဈိမ)။ ။ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့တော်တွင် ရူပီး ၁၅ ကုဋေ (ဒေါ်လာ ၂ သန်း ၇ သောင်းကျော်) တန်ဖိုးရှိ ဆူဒိုဖက်ဒရင်း ဆေးများနှင့်အတူ လူ ငါးဦး ဖမ်းဆီးရမိရာ ၎င်းတို့အထဲတွင် မြန်မာနိုင်ငံသား နှစ်ဦး ပါဝင်ကြောင်း ရဲမင်းကြီး Ravindra Singh Yadav က ထုတ်ဖော်ပြောဆိုလိုက်သည်။

“မြန်မာနိုင်ငံသား Zel Khan Mong (၄၆) နဲ့ Dongh Lian Kham (၄၁)၊ မီဇိုရမ် ပြည်နယ်က Lianza Daula (၄၆) နဲ့ C. Zoram Thanga (၂၈)၊ ဒေလီက Vikas Bathla (၄၃)တို့ကို ဆူဒိုဖက်ဒရင်း ဆေးပြား ၁၄၀ ကီလိုဂရမ်နဲ့
ဆေးမှုန့် ၅၀ ကီလိုဂရမ်တို့နဲ့အတူ ဖမ်းဆီး ရမိပါတယ်” ဟု ရဲမင်းကြီးအား ကိုးကား၍ သောကြာနေ့ထုတ် အိန္ဒိယ သတင်းစာများတွင် ဖော်ပြပါရှိသည်။

မတ်လ ၂၉ ရက်နေ့က တိကျသည့် သတင်းရရှိ၍ ဒေလီအနောက်ပိုင်းရှိ ကုန်းကျော်တံတား တခုအနီးတွင် ၎င်းတို့၏ မော်တော်ယာဉ်ကို တားဆီး စစ်ဆေးရာမှ အဖြူအောင် သေတ္တာ ၁၅ လုံးများဖြင့် အဆိုပါ ဆေးများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဆူဒိုဖက်ဒရင်း ဆေးများကို အိန္ဒိယနိုင်ငံ၊ မြောက်ပိုင်းပြည်နယ်များမှ ထုတ်လုပ်ပြီး အနောက်ဒေလီတွင် လွှဲပြောင်းကာ အရှေ့မြောက် ပြည်နယ်များမှတဆင့် မြန်မာနိုင်ငံသို့ တင်ပို့ရန် ဖြစ်သည်။ မြန်မာနိုင်ငံတွင် စိတ်ကြွဆေးများအဖြစ် ဓာတ်ပြုထုတ်လုပ်ပြီး အိန္ဒိယနိုင်ငံသို့ ပြန်လည်တင်သွင်းရန်ဖြစ်ကြောင်း ရဲမင်းကြီးက ဆိုသည်။

ဒေလီမြို့နှင့် ကိုလ်ကတ္တားမြို့တို့မှာ ကမ္ဘာ့ စိတ်ကြွဆေး လွှဲပြောင်းဖြန့်ဖြူးရာ အဓိက မြို့ကြီးများ ဖြစ်လာနေပြီး လွန်ခဲ့သော ၁၀ နှစ်ခန့်အတွင်း ဒေလီ အနောက်ပိုင်းဒေသတွင် မူးယစ် ကာတယ်များ လှုပ်ရှားလည်ပတ်လျက် ရှိကြောင်း ရဲသတင်းရပ်ကွက်က ဆိုသည်။

နယူးဒေလီတွင် နေထိုင်သည့် မြန်မာနိုင်ငံသားများ အများစုမှာ နိုင်ငံရေး၊ ဘာသာရေး၊ လူမျိုးရေး၊ စီးပွားရေး ဖိနှိပ်မှုများကြောင့် ဒုက္ခသည်အဖြစ် ခိုလှုံနေထိုင်ကြသူများဖြစ်ကာ အချို့သော လူအနည်းငယ်မှာ ထိုသို့သော မူးယစ်ကုန်ကူးမှုနှင့် လည်ပတ်မှု လုပ်ငန်းစဉ်ထဲတွင် ပါဝင်ပတ်သက်နေကြသည်။

ဒေလီမှ ထိုဆေးပြား/အမှုန့်များကို မြန်မာနယ်စပ်သို့ လေယာဉ်၊ မီးရထားလမ်းကြောင်းမှ နည်းအမျိုးမျိုးဖြင့် သယ်ဆောင်ပေးခြင်းအပြင် သယ်ဆောင်ရာတွင် ဝန်ကျုံ့စေရန် ဆေးကတ်များမှ ဆေးပြားများကို ဖြုတ်ခွါ ထုပ်ပိုးပေးခြင်းဖြင့်လည်း ပါဝင်ပတ်သက်သူတချို့ ရှိနေသည်။ ထိုသို့ ငွေရပေါက် လွယ်ကူသောနည်းဖြင့် စားဝတ်နေရေး ကြပ်တည်းမှုကို ဖြေရှင်းသူများလည်း ရှိနေပြီး ဒေလီမြို့နှင့် နယ်စပ်ဒေသများတွင် ရံဖန်ရံခါ ဖမ်းဆီးခံရမှုများလည်း ရှိနေသည်။ ဖမ်းဆီးခံရသူ အချို့မှာ ကုလသမဂ္ဂ ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထား သူများပင် ပါဝင်နေ၍ မြန်မာအများစု၏ ဂုဏ်သိက္ခာကို ထိခိုက်စေကာ ဘုရားကျောင်းများနှင့် လူမှုအသင်းများက ရှုတ်ချနေကြသည်။

မတ်လ ၂၉ ရက်နေ့က ဖမ်းဆီးရမိသူများထဲမှ Lianza Daula မှာ အိန္ဒိယ ကြည်းတပ် (အာသံ ရိုင်ဖယ်)မှ အရာခံဗိုလ်တဦးအဖြစ် တာဝန်ထမ်းခဲ့ပြီး မကြာမီကမှ ဤ ငွေရလွယ်သော မူးယစ် ကုန်ကူးလုပ်ငန်း ပြောင်းလဲ လုပ်ကိုင်ရန် တပ်မှ ထွက်လာခဲ့သူတဦး ဖြစ်သည်။

ထိုသို့ မူးယစ် ကုန်ကူးသူများထဲတွင် ပါဝင်၍ အိန္ဒိယ စစ်တပ်အရာကြီး တဦးကိုလည်း ဖေဖော်ဝါရီလ ၂၅ ရက်နေ့က အိန္ဒိယနိုင်ငံ၊ မဏိပူရပြည်နယ်တွင် ဖမ်းဆီးရမိခဲ့သေးသည်။ ရူပီး ၂၄ ကုဋေ (ဒေါ်လာ ၄ သန်းခွဲခန်) တန်ဖိုးရှိ ဆူဒိုဖက်ဒရင်းနှင့် အခြားဆေးပြားများကို ဗိုလ်မှူးကြီး ချောင်ဒရီ၏ မော်တော်ယာဉ်ထဲမှ မြန်မာနယ်စပ်အနီးတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။
 Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here