Friday, April 26, 2013

သံလျင်တံတားပေါ် ရှေ့ကားကိုဝင်တိုက်တဲ့ ရဲဆိုင်ကယ်

0 comments

ဧပြီ(၂၆)

 

ဒီမနက် ၁၁ နာရီကျော်ကျော်လောက်က သန်လျင် - ရန်ကုန် တံတားကြီးပေါ် သန်လျင်ကနေ ရန်ကုန်ဘက် သွားတဲ့ အခြမ်းမှာ ရဲဝန်ထမ်း ၂ ဦးရဲ့ ဆိုင်ကယ်က ခရီးသည်တင် ဟိုင်းလပ်စ်ကား တစီးကို နောက်ကနေ ဝင်တိုက်ခဲ့ပါတယ်။           

ယာဉ်တိုက်မှုကြောင့် တံတား ခဏပိတ်သွားတဲ့ အတွက် ကားတွေရပ်ပြီး စောင့်ဆိုင်းလိုက်ရပါတယ်။ ဆိုင်ကယ် နောက်မှာ ထိုင်စီးလာတဲ့ ရဲဝန်ထမ်း ဦးခေါင်း ထိခိုက်သွားတဲ့အတွက် အဲဒီရဲက တံတားပလက်ဖောင်းမှာ ငုတ်တုတ်ထိုင်ပြီး “မူးတယ် မူးတယ်”နဲ့ အော်နေတာ တွေ့ရပါတယ်။ ဆိုင်ကယ်မောင်းလာသူ ရဲကတော့ တိုက်ပြီးပြီးချင်း ထွက်ပြေးသွားပါတယ်။  

ယာဉ်တိုက်မှုဖြစ်ပြီး ခဏအကြာမှာ သန်လျင်မြို့နယ် ရဲစခန်းက တာဝန်ရှိသူ  ဆိုင်ကယ်နဲ့ ရောက်လာလို့ မေးမြန်းချိန်မှာ ဒဏ်ရာရသွားတဲ့  ရဲဝန်ထမ်းက “ကျနော်တိုက်တာ မဟုတ်ဘူး။ မောင်းလာတဲ့ ကျနော့်ဗိုလ်ကြီး ဝင်တိုက်တာ” လို့ သွေးထွက်နေတဲ့ သူ့ခေါင်းက ဒဏ်ရာကို လက်နဲ့ဖိထားရင်း ပြောနေတာ တွေ့ရပါတယ်။           

အတိုက်ခံရတဲ့ ဟိုင်းလပ်စ်ကားပေါ်မှာ ပါလာသူတွေကတော့ ထိခိုက်ဒဏ်ရာရတာ မတွေ့ရပါဘူး။          

တံတားပေါ်မှာ အရပ်သားဆိုင်ကယ်တွေ စီးနင်းခွင့်မရှိဘဲ တံတားတာဝန်ကျ ရဲတွေသာ ဆိုင်ကယ်စီးနင်းခွင့် ရှိတာပါ။
ဒါပေမယ့် အရပ်သားဆိုင်ကယ်တချို့လည်း နားလည်မှုနဲ့ မကြာခဏ ဆိုင်ကယ်နဲ့ တံတားဖြတ်ကြတာ တွေ့ရလေ့ရှိ ပါတယ်။

ဘေးက ရပ်ကြည့်နေသူ ကားဒရိုင်ဘာတွေကတော့ အခုလိုဖြစ်ရတာ နောက်က ဝင်တိုက်သူ မှားတာလို့ ပြောနေပါတယ်။     

အမှတ် ၂၁၇ ခရီးသည်တင် ကားကြီးတစီးရဲ့ ဒရိုင်ဘာက ...        
 “နောက်ကနေ ဝင်တိုက်တဲ့သူပဲ မှားတာ။  ဒီတံတားပေါ်မှာ ဘယ်ကားမှ ကျော်တက်ခွင့်မရှိဘူး။ ရှေ့က မောင်းနေတဲ့ ကားကို ဝင်တိုက်တယ်ဆိုတာကတော့ တော်တော် ဆိုးတာပဲ” လို့ မှတ်ချက်ပြုပါတယ်။           

ဒီတံတားကြီးပေါ်မှာ ကားကြီးတွေပျက်ရင် နောက်ကားတွေအတွက် တော်တော် ဒုက္ခရောက်ကြလေ့ရှိပါတယ်။
ဒါကြောင့်မို့လည်း အမှတ် ၂ တံတားတစင်း တည်ဆောက်ပြီး ကွန်တိန်နာ ကားကြီးတွေ၊ သစ်လုံးတင်ကားကြီးတွေ ဖြတ်သန်းကြပါတယ်။

 ဒီနေ့မှာတော့ ကားပျက်တာ မဟုတ်ဘဲ ယာဉ်တိုက်မှု ဖြစ်နေလို့ တံတားပေါ်ရောက်နေတဲ့ ခရီးသည်တင် ယာဉ်တွေ၊ တက္ကစီတွေနဲ့ ကိုယ်ပိုင်ကားတွေ နာရီဝက်လောက် နေပူထဲ အလှန်းခံလိုက်ရပါတယ်။ တာဝန်ရှိတဲ့ ရဲတွေရောက်လာပြီး ဟိုင်းလပ်စ်ကားကို ဘေးရွှေ့ပြီးတဲ့ အချိန်ကျမှ နောက်ကကားတွေ ဆက်ထွက်ခွင့် ရကြပါတယ်။

Irrawaddy Blog 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here