Sunday, April 7, 2013

၉၆၉ သည် လှုပ်ရှားမှု မဟုတ်သလို အသင်းအဖွဲ့လည်း မဟုတ်ဟု ဟိတဓရ ဆရာတော် မိန့်ကြား

0 comments
ဧပြီ(၇)

၉၆၉ လှုပ်ရှားမှု၊ ၉၆၉ အဖွဲ့ဟု သတင်း မီဒီယာ များတွင် ရေးသား သုံးနှုန်းနေခြင်း၊ ရဟန်း သံဃာက အစ အစိုးရ ဌာနမှ သုံးစွဲနေခြင်း၊ ၉၆၉ လှုပ်ရှားမှု စပြီ ဆိုသည့် ဗုဒ္ဓ ဘာသာဝင် များ၏ ကြွေးကြော် သံများ၊ မော်လမြိုင် ဘက်မှရခိုင်ကို ဆင်းသွားသော ၉၆၉ ကို အဖွဲ့ဟု အမည်မသိတစ်ဦး၏ ပြောစကား အား မြန်မာ့ သံတော် ဆင့်တွင် သုံးနှုန်းထားခြင်းများ စသည်တို့ကို တွေ့ရှိရသည်။

" ၉၆၉ သည် လုပ်ရှားမှုဖြစ်သည်၊ မဖြစ်၊ ၉၆၉ သည် အဖွဲ့ အစည်း ဟုတ်သည်၊ မဟုတ် " သိရှိရန် ၉၆၉ သည် မော်လမြိုင်က လာသည်ဖြစ်ရာ မွန်ပြည် နယ်၊ မော်လမြိုင်မြို့မှ သာသနပါလက ဂဏ၀ါစက သံဃာ့ အဖွဲ့ ဒုတိယ ဥက္ကဌ အရှင်ဝိမလာဘိဝံသ (ဟိတ ဓရ ဆရာတော် )အား ဆက်သွယ် မေးမြန်းရာတွင် ၉၆၉ သည် လှုပ်ရှားမှု မဟုတ်သလို အသင်း အဖွဲ့လည်း မဟုတ်ကြောင်းကို မိန့်ကြားခဲ့သည်။

မစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် ဦးဝီရသူမှ " ၇၈၆ ကို တိတိကျကျ ထုတ်ပြန်ပြီးတော့ ၇၈၆ က ၂၁ ရာစုမှာ မြန်မာနိုင်ငံကို သိမ်းပိုက်ဖို့လုပ်တာ မဟုတ်ဘူးလို့ တရားဝင် ကြေညာပေးရင် ၉၆၉ လှုပ်ရှားမှု ကိုလည်း ရပ်တန့်မယ်။ " ဟု The Voice Weekly နှင့် တွေ့ဆုံမေးမြန်း ချက်တွင် ပြောကြား ချက်နှင့် ပတ်သက်၍ မေးလျှောက်ရာတွင် ဟိတဓရ ဆရာတော်မှ အကျယ်တ၀င့် မိန့်ကြားခဲ့သည်။

" ဘုန်းဘုန်းတို့က ၉၆၉ ကို လှုပ်ရှားမှုတရပ်အနေနှင့် လုပ်နေတာမဟုတ်၊ ၉၆၉ က လှုပ်ရှားမှုလည်း မဟုတ်ဘူး၊ ကိုယ့်အမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့် သာသနာက ရေရှည်အတွက် အားရစရာ မရှိဖြစ်လာ တယ်၊ မြန်မာလူမျိုးတွေက သွားလည်း စည်းကမ်းမရှိ၊ လာလည်း စည်းမရှိ၊ စည်းမဲ့ ကမ်းမဲ့နေတာ ကို စည်းစနစ် ကျကျ နေတတ်၊ ထိုင်တတ်အောင်၊ ဘုရား၊ တရား၊ သံဃာကို အားလုံး ရင်ထဲ၊ နှလုံးသားထဲ ထည့်ထားဖို့ လိုအပ်တယ်၊ ဘုရား၊ တရား၊ သံဃာ ရတနာ သုံးပါးကို ကိုယ်စားပြုတဲ့ ၉၆၉ ကို အိပ်ရင်လည်း ၉၆၉၊ နိုးရင်လည်း ၉၆၉၊ စားရင်လည်း ၉၆၉၊ သေရင်တောင် ဘုရား၊ တရား၊ သံဃာဆိုပြီတော့ ဗုဒ္ဓဘာသာကို ကာကွယ်စောင့်ရှောင့်တတ်အောင်၊ ဘာသာခြား အန္တရာယ်တွေကို ကာကွယ်ဖို့ရန်အတွက် ၉၆၉ ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင် လာရတာဖြစ်တယ်၊ ၉၆၉ ကို အသုံးပြုပြီးတော့ ဘာသာရေး အသိဥာဏ်၊ လူမျိုးရေး အသိဥာဏ် ပေးတဲ့သဘောမျိုးပါ၊ ဘုရားဂုဏ်တော် (၉)ပါး၊ တရားဂုဏ်တော် (၆)ပါး၊ သံဃာ့ဂုဏ်တော် (၉)ပါးတို့ရဲ့ အမှတ်တံဆိပ်ဖြစ်တဲ့ ၉၆၉ က ဗုဒ္ဓဘုရားပွင့်ပြီး ကတည်း က ပေါ်လာတာပါ၊ ဗုဒ္ဓဘာသာ အားလုံးက ၉၆၉ ကို ဦးထိုက်ပန်ဆင်ပြီတော့ သာသနာ မကွယ်မချင်း လုပ်ဆောင် သွားရမှာ ဖြစ်တယ်။ " ဟု ဟိတဓရ ဆရာတော် မှ မိန့်ကြားခဲ့သည်။

ဧရာဝတီ သတင်းဌာန၏ "အကြမ်းဖက်မှု ၉၆၉ နဲ့ ဆက်နွယ်နေသလား " ဆိုသည့် ဆောင်း ပါးတွင် နေပြည်တော် သာသနာရေးဝန်ကြီးဌာနက ရုံးအဖွဲ့မှူး ဦးမြင့်ဦးက ၉၆၉ တံဆိပ်ကို ဗုဒ္ဓဘာသာရဲ့ တရားဝင် အမှတ်တံဆိပ် အဖြစ် အသိအမှတ် မပြုတဲ့အပြင် မှတ်ပုံတင်ထားတာမျိုးလည်း မရှိကြောင်း၊ ခွင့်ပြုထားတာလည်း မရှိကြောင်း ဧရာဝတီကို ပြောပါတယ်။ " ဟု ရေးသားဖော်ပြချက်ပါရှိသည်။

ဟိတဓရ ဆရာတော်မှ ၉၆၉ သည် အဖွဲ့အစည်း မဟုတ်ကြောင်းကို " ၉၆၉ သည် အဖွဲ့အစည်း တစ်ခု မဟုတ်၊ ၉၆၉ သည် ဗုဒ္ဓဘာသာတိုင်း၏ ဦးထိပ် ပန်ဆင်ရာဖြစ်တယ်၊ ဗုဒ္ဓဘာသာတိုင်း ၏ နှလုံးသွင်း ရာ ဖြစ် တယ်၊ ၉၆၉ သည် ဘုရား ဂုဏ်တော် ၉ ပါး၊ တရားဂုဏ်တော် ၆ ပါး၊ သံဃာ့ ဂုဏ်တော် ၉ ပါးကို ဦးထိပ်ပန် ဆင်ပြီး ဗုဒ္ဓဘာသာတိုင်း အသုံးပြုရမည့် ထင်ရှားသည့် အမှတ် တံဆိပ်သာဖြစ်တယ်၊ ဗုဒ္ဓဘာသာတိုင်း အဖွဲ့ အစည်းလေးတွေ ကို တည်ထောင်ကြရပါလိမ့်မယ်၊ ဥပမာ -ဗုဒ္ဓဝေယျာဝစ္စာလို့ပဲ မှည့်မှည့်၊ ဓမ္မဝေယျာ ၀စ္စလို့ပဲ မှည့်မှည့် သံဃာ့ ဝေယျာဝစ္စလို့ပဲ မှည့်မှည့် ကြိုက်သလို မှည့်လို့ရတယ်၊ တည်ထောင်ပြီးရင် ပရဟိ တတွေ၊ သာသနာ့ ဟိတတွေ ကြိုးစားရပါလိမ့်မယ်၊ ဘုရား၊ တရား၊ သံဃာ ဆိုတဲ့ ၉၆၉ အောက်မှာ အဖွဲ့တိုင်း အသုံးပြုပြီးတော့ ဒကာ၊ ဒကာမတွေလည်း ၉၆၉ အောက်၊ သံဃာတွေလည်း ၉၆၉ အောက် မှာ စည်းစည်း လုံးလုံး၊ ညီညီညွတ်ညွတ် နဲ့ နေကြ၊ ထိုင်ကြမယ်ဆိုရင် အကောင်းဆုံးပါဘဲ။ " ဟု ဆက်လက် မိန့်ကြား ခဲ့သည်။

From:News Collection

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here