Thursday, April 4, 2013

WGEC ၏ နိုင်ငံရေးဆွေးနွေးရေးအတွက် မူဘောင် ဆုံးဖြတ်

0 comments
ဧပြီ(၄)

ပြီးခဲ့သည့်မတ်ခ်ျလကုန်ပိုင်းက ထိုင်းနိုင်ငံချင်းမိုင်တွင် လက်နက်ကိုင် (အပစ်ရပ်/မရပ်) အဖွဲ့အများအပြားတွေ့ဆုံ ဆွေး နွေးရာ တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ WGEC ၏ နိုင်ငံရေးဆွေးနွေးရေးအတွက် မူဘောင်ကို မြန်မာ အစိုးရနှင့် နိုင်ငံရေး အခြေခံ ဆွေးနွေးဖို့အတွက် လက်ခံခဲ့ကြကြောင်းသိရသည်။
eth-nat-conference၂၀၁၂ စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ထိုင်းနိုင်ငံချင်းမိုင်မြို့၌ ကျင်းပသော တိုင်းရင်းသား ညီလာခံ(Photo: Shan representatives)

တိုင်းရင်းသားပူးပေါင်းဆောင်ရွက်ရေးအလုပ်အဖွဲ့ WGEC ၏ နိုင်ငံရေးဆွေးနွေးရေးအတွက် မူဘောင်တွင်-
၁- အခြေခံမူ (Core-Principle)
၂- လမ်းပြမြေပုံ ၆ ချက်( Road Map)
၃- ဆွေးနွေးမည့်ခေါင်းစဉ်များ(Agenda/ Talking Point)
၎- ပါဝင်မည့်သူများ (Composition)
၅- ဖွဲ့စည်းပုံ (Structure)  စသည်တို့ ပါဝင်ပါသည်။

၁-  အခြေခံမူတွင် -  ၁၉၄၇ ပင်လုံစာချုပ်ကိုအခြေပြုသွားရန်။
၂- လမ်းပြမြေပုံကိုမူ - ၂၀၁၂  စက်တင်ဘာလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျင်းပသော တိုင်းရင်းသား ညီလာခံဆုံးဖြတ် ချက်အတိုင်း လုပ်ဆောင်မည်။
၃- ဆွေးနွေးမည့်ခေါင်းစဉ်မှာ       - လူမှုရေးကူညီထောက်ပံ့မှု (Humanitarian Assistance)
                - လူ့အခွင့်အရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး(Human Rights and National Reconciliation)
                -စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြုပြင်ရေး (Economic development , Operation and reform)
                -တရားစီရင်ရေးဆိုင်ရာပြန်လည်ပြင်ဆင်ရေး(Judicial reform)
                -လယ်ယာမြေပြဿနာများစီရင်ရေးနှင့် မူးယစ်ဆေးဝါး (Land reform and drugs)    
                 - အာဏာခွဲဝေရေး(Power Sharing)
                -လုံခြုံရေး (Security)
                -ဖွဲ့စည်းပုံ (Constitutional affairs)
၎- ပါဝင်မည့်သူများ မှာ   - အစိုးရ ကိုယ်စားလှယ်များ
            - နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ
            - တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ကိုယ်စားလှယ်များ

၅-  ဖွဲ့စည်းပုံ(Structure)ကို- ညီလာခံကိုအထက်ပါအစုအဖွဲ့များမှ (အရေအတွက်တူညီစွာ) ပို့ဆောင်သည့် ကိုယ်စားလှယ်များက ညီလာခံကျင်းပရေးအဖွဲ့ကို ဖွဲ့စည်းသွားရန်။

ဆွေးနွေးမည့်ခေါင်းစဉ်များတွင်ပါဝင်သောအချက်အလက်များအတိုင်း၊ အချက်အလက်ကောက်ယူစုဆောင်းရေးကော်မတီ၊ ပညာရေးနှင့် လေ့လာရေးကော်မတီတို့ကိုပါ ဖွဲ့စည်းဦးမည်ဖြစ်ရာ လူမှုအဖွဲ့အစည်း CSOs များကို လည်းဖိတ်ခေါ်မည်ဖြစ် ကြောင်း သိရသည်။

အဆိုပါချင်းမိုင်မြို့တွေ့ဆုံပွဲမှ - WGEC ၏နိုင်ငံရေးဆွေးနွေးပွဲမူဘောင်အား နိုင်ငံရေးပါတီများထံတင်ပြ၍ အကြံပြုချက် သုံးသပ်ချက်များရယူသွားဖို့ရှိကြောင်း - ဆုံးဖြတ်ခဲ့ကြသေးသည်ဟုဆိုပါသည်။

အဆိုပါအစည်းအဝေးတွင်တပြည်လုံးကိုခြုံငုံသော အပစ်ရပ်သဘောတူညီချက်မူကြမ်းကိုလည်း ဆွေးနွေးခဲ့ကြသည်ဟုဆိုပါသည်။ ယခုအချိန်အထိ အပစ်ရပ်သဘောတူညီချက်ရခဲ့သည်မှာ ၁၃ ဖွဲ့ ရှိပြီဖြစ်ပါသည်။

အဆိုပါ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ သတင်းမီဒီယာ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါလှကြောင်း၊ မီဒီယာမှ ဖော်ပြမပေးပါက ဒေသခံပြည်သူလူထု သိရှိမည်မဟုတ်သဖြင့် ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး၌ လူထုပါဝင်မှု မရှိပါက အောင်မြင်ရန် လွယ်ကူမည်မဟုတ်ကြောင်း အနောက်နိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ် ပညာရှင် ပုဂ္ဂိုလ်တဦး ကပြောသည်။

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော်၏ ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်က “ ၁၉၆၀-၆၂ ခုနှစ်တုန်းက နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့အတွက် နိုင်ငံရေး ပါတီနဲ့ အစိုးရတို့ဘဲပြင်ဆင်ကြတယ်။ အဲဒီ အရေးမအောင်မြင်ခဲ့တာဟာ လူထု ပါဝင်ခွင့်မရှိ ခြင်းလဲ အကြောင်းရင်းတခု ပါဝင်တယ်။ ဒါကြောင့် ဒီတခါ လုပ်နေကြ တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်စေချင်ရင် လူထု ပါဝင်ဖို့လိုအပ်ပါတယ်” ဟု အမြဲတမ်းပြောဆိုလေ့ ရှိပါသည်။

အထက်ပါ တွေ့ဆုံပြီး မူဘောင်ချမှတ်မှု အစည်းအဝေးတွင် -ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ,ရခိုင်တပ်မတော် Arakhin Army, ချင်းအမျိုးသားတပ်ဦး CNF , တိုးတက်သောကရင်ဗုဒ္ဓဘာသာတပ်မတော် DKBA , ကချင်လွတ်မြောက် ရေးအဖွဲ့ချုပ် KIO, ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP , ကရင်အမျိုးသားအစည်းအရုံး KNU, ကရင်ငြိမ်းချမ်း ရေးကောင်စီ KPC , မွန် ပြည်သစ်ပါတီ NMSP , သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS, သျှမ်းပြည်တိုးတက်ရေး ပါတီ SSPP   စသဖြင့် ပါဝင်တက်ရောက်ကြသည်။


သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here