Wednesday, June 19, 2013

“ကြီးသူကိုရိုသေ၊ ငယ်သူကို သနားရမည်’’ လို့ပြောခဲ့တဲ့ ဦးယွက်ဆစ်

0 comments

ဇွန်လ ၁၉ ရက်

ကျွန်တော်က တောင်ကြီးတက္ကသိုလ်မှာ Day တက်နေတဲ့ ရူပဗေဒနောက်ဆုံးနှစ်ကျောင်းသား ရှမ်းလူငယ် တစ်ယောက် ဖြစ်ပါတယ်။ မနေ့က အင်တာနက်စာမျက်နှာတစ်ခုမှာ ဦးယွက်ဆစ်နဲ့ပတ်သက်တဲ့သတင်း စိတ်ဝင်စားဖို့ကောင်းတယ်ဆိုပြီး ကျောင်းမှာ ဟိုးလေး တကျော်ဖြစ်နေတဲ့အတွက် အိမ်ရောက်တော့ ချက်ချင်းဖွင့်ကြည့်ဖြစ်တယ်။

ကျွန်တော်မျက်လုံးကိုပွတ်သပ်ကြည့်မိသည်အထိ ယုံရခက်ခက်ဖြစ်ခဲ့ပါတယ်။ ကျွန်တော်မိဘနှစ်ပါးလုံး ကလည်း ရှမ်းလူမျိုး စစ်စစ် ဆိုတော့ ဦးယွက်ဆစ်အပေါ် အထင်ကြီးလေးစားသူတွေဖြစ်သလို လက်ရှိ ဦးယွက်ဆစ်သွားလာနေတဲ့ ခရီးစဉ်တွေကိုလည်း အချိန်နဲ့အမျှ နားစွင့်နေကြသူတွေပါ။ မိဘတွေကို မပြောခင် ဓါတ်ပုံကို သေချာအောင်ကြည့်ပြီး ရေးထားတဲ့စာတွေကို သေသေချာချာ ဖတ်ကြည့် လိုက်တယ်။ ကျွန်တော်က ကျောင်းသားလည်းဖြစ် လူငယ်လည်းဖြစ်နေတော့ “ ကြီးသူကိုရိုသေ၊ ငယ်သူကိုသနားရမည်” ဆိုတဲ့ ဦးယွက်ဆစ်ရဲ့ ပြောစကားကိုပဲ စိတ်ဝင်စားနေမိတယ်။

ဓါတ်ပုံထဲကိုကြည့်ပြီး ပြောရရင် ဦးယွက်ဆစ်ရဲ့ ရှေ့မှာထိုင်နေတဲ့ ကျွန်တော်တို့အဘိုးအရွယ် ရှမ်းအမျိုးသားကြီး တစ်ယောက်ကို ဦးယွက်ဆစ်ဘယ်လိုဆက်ဆံနေလဲဆိုတာ အရမ်းမေးချင်မိတယ်။ ဦးယွက်ဆစ်ကို ဘယ်လိုအကြောင်း တွေ လာပြောတာလဲဆိုတာ ကျွန်တော်စိတ်မ၀င်စားပါဘူး။ ဒါပေမယ့် ဦးယွက်ဆစ်က အဲ့ဒီအဘိုးအိုကြီးကို ဘာကြောင့် ထိုင်ခုံပေါ်မှာထိုင်ခိုင်းပြီး စကားမပြော တာပါလဲ။ ဘာလဲ…မတူဘူး မတန်ဘူးလို့ သဘောထားလိုက်တာလား။ ဘေးပတ်ဝန်းကျင်မှာ အခြားရှမ်းတိုင်းရင်းသားတွေ ကလည်း ၀ိုင်းကြည့်နေကြတယ်။ အရမ်းကို ယဉ်ကျေးမှုမဲ့တဲ့လုပ်ရပ်လိုပဲ ကျွန်တော်မြင်ပါတယ်။

ဦးယွက်ဆစ်က ရှမ်းပြည်ပြန်လည်ထူထောင်ရေး၊ ရှမ်းပြည်တပ်မတော် RCSS/SSA ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဆိုတဲ့ ရာထူးဂုဏ်ထူး အရှိန်အ၀ါတွေ မြင့်မားပြီး ခေါင်းပေါင်းထားတဲ့ ခပ်နွမ်းနွမ်းအ၀တ်အစားနဲ့ အဘိုးအိုက ဘာရာထူးအဆင့်အတန်း မှမရှိတဲ့အတွက် လူရာ မ၀င်ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုးနဲ့ ဆက်ဆံလိုက်တာလား။ တကယ်ဆိုရင် ဦးယွက်ဆစ်အနေနဲ့ အဲ့ဒီအဘိုးအိုကို ဘေးချင်းကပ်လျက် ထိုင်ခုံမှာသာ ထိုင်ခိုင်းပြီး စကားပြောခဲ့မယ်ဆိုရင် ဦးယွက်ဆစ်အနေနဲ့ ဘယ်လောက် တောင်မင်္ဂလာရှိလိုက်မလဲ။ အခုတော့ ဦးယွက်ဆစ် က အရေးတောင်မစိုက်တဲ့ပုံ ဖြစ်နေတော့ ကျွန်တော့်လို ရှမ်းလူငယ် တစ်ယောက်ရဲ့ ရင်ထဲမှာ နင့်နေအောင်ခံစားရပါတယ်ဗျာ။

ကျွန်တော်တို့ရှမ်းလူမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်တွေပါ။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက မိဘဆရာသမား တွေက “ ကြီးသူကိုရိုသေ၊ ငယ်သူကိုသနား၊ ရွယ်တူကို လေးစား” ရမယ်လို့ ဆုံးမခဲ့တာကို ဒီနေ့အထိ မှတ်သားနားထောင် လိုက်နာ လျက်ပါပဲ။ ကျွန်တော်လည်း မိဘနှစ်ပါးဆီသွားပြဖို့ အင်တာနက်ထဲက ဓါတ်ပုံနဲ့စာတွေကို ထုတ်ခဲ့ပါတယ်။ မိဘတွေဆီက ဘယ်လိုမှတ်ချက် စကားတွေ ကြားရအုံးမယ် ဆိုတာထက် ရှမ်းလူမျိုးတွေအတွက်ပါလို့ တဖွဖွပြောနေတဲ့ ဦးယွက်ဆစ်ရဲ့ ဓါတ်ပုံထဲက လုပ်ရပ်နဲ့ “ကြီးသူကိုရိုသေ၊ ငယ်သူကိုလေးစားရမည်” ဆိုတဲ့ နှုတ်ထွက်စကားဟာ တလွဲစီဖြစ်နေတာကြောင့် ရှမ်းလူငယ်တစ်ယောက်အနေနဲ့ စိတ်မကောင်း ခံစားရကြောင်း  ရင်ဖွင့်လိုက်ရခြင်းဖြစ်ပါတယ်။

စိုင်းဝင်းမြင့်ဦး

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here