Thursday, June 20, 2013

မန္တလေး ကျွဲဆည်ကန် ကားကြီးဝင်းအား ဆိုက်ရောက်၊ ထွက်ခွာနှင့် အရောင်းစင်တာများ ပါဝင်သော အဆင့်မြှင့်တင်မှု ပြုလုပ်မည်

0 comments

ဇွန်လ ၂၀ ရက်

မန္တလေးမြို့ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းကို အဆင့်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှူး ဒေါ်ခင်မေဌေးက ပြောကြားခဲ့သည်။
ကားကြီးဝင်းအတွင်းတွင် ဆိုက်ရောက်၊ ထွက်ခွာနှင့် အရောင်းစင်တာများကို သီးခြားအနေဖြင့် သတ်မှတ်ပေးသွားမည် ဖြစ်ပြီး ခရီးသည် ကြို/ပို့ ကားများအတွက်လည်း ကားပါကင်များကိုပါ ထည့်သွင်းဆောက်လုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

"လေယာဉ်ကွင်းလိုမျိုး ဆိုက်ရောက်ထွက်ခွာ သီးခြားစီ ထားပါမယ်။ ပစ္စည်းတွေကိုလည်း ဂိတ်မှာပဲ စစ်ဆေးပြီး သယ်ပို့တဲ့စနစ် လုပ်သွားမှာပါ။ စားသောက်ဆိုင်တွေနဲ့ ဆိုင်ခန်းတွေကို နေရာပြန်လည် ချထားပေးဖို့ အတွက်ကတော့ ဆိုင်ခန်းပိုင်ရှင်တွေနဲ့ပဲ ညှိနှိုင်းဆောင်ရွက် သွားမှာပါ" ဟု ဒေါ်ခင်မေဌေးက ပြောကြားသည်။

ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးဝင်းအား အဆင့်မြှင့်တင်မှု ပြုလုပ်မည် ဖြစ်သည့်အပြင် ကားကြီးဝင်း၏ အနီးတစ်ဝိုက်ရှိ လမ်းများကိုလည်း ကတ္တရာလမ်း ခင်းခြင်းများ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ဒေါ်ခင်မေဌေးက ဆက်လက်ပြောကြားခဲ့သည်။

"ကားကြီးဝင်းက မြို့လယ်ဧရိယာကို ရောက်လာပြီး ယာဉ်ကြောရှုပ်ထွေးမှုတွေ ဖြစ်ပေါ်လာတယ်။ ဒါကြောင့် နေရာသစ် တိုးချဲ့ဖို့ မြေနေရာ ရှာဖွေနေစဉ် အကောင်အထည် မဖော်နိုင်ခင် လက်ရှိကားကြီးဝင်းကို အဆင့်မြှင့်တင်တာပါ" ဟု မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် (၁) က ပြောကြားသည်။

မြို့ပြ စီမံကိန်းအတွက် စီမံကိန်း အသစ်များ အကောင်အထည်ဖော်ရန် စည်ပင်သာယာပိုင် မြေနေရာများ ရှိသော်လည်း ဧက ၆၀ အကျယ်အ၀န်းရှိ မြေနေရာကို လျှပ်စစ်ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးလိုက် ရသောကြောင့် မြေနေရာအသစ် ထပ်မံရှာဖွေမှုများ ပြုလုပ်နေကြောင်းလည်း သိရှိရသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here