Thursday, June 13, 2013

နိုင်ငံရေး ဆွေးနွေးပွဲလုပ်ဖို့ ရှမ်းခေါင်းဆောင်တွေ တိုက်တွန်း

0 comments

ဇွန်လ ၁၃ ရက်
 

မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာရေး အပါအဝင် အချက်သုံးချက်ပါတဲ့ ကြေညာချက်ကိုရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့ ဒီကနေ့ သဘောတူ ထုတ်ပြန်လိုက်ကြပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော်ဟာ ဒီကနေ့ညနေပိုင်းက ရန်ကုန်မြို့ SNLD ရုံးခန်းမှာ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ တွေ့ဆုံအပြီး ဒီသဘောတူညီချက်ကို ထုတ်ပြန်ခဲ့တာလို့ SNLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးစိုင်းလိတ်က ပြောပါတယ်။

"နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်ဖို့အတွက် RCSS နဲ့ SNLD ပူးပေါင်းပြီး ဘယ်လိုအစိုးရကို တိုက်တွန်းမလဲ၊ ထိုင်းနိုင်ငံနဲ့ တခြားပြည်ပကိုရောက်ရှိနေတဲ့ ရှမ်းပြည်နယ်သားတွေ အမြန်ဆုံးပြန်ဝင်လာနိုင်ပြီးတော့မှ မှတ်ပုံတင်တွေ လုပ်ပေးနိုင်ဖို့အတွက် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲ၊ ထောင်ထဲမှာရောက်နေကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နောက် RCSS/SSA အဖွဲ့သားတွေလည်း ရှိတာပေါ့နော်၊ အဲအဖွဲ့သားတွေ အမြန်ဆုံးပြန်လွှတ်ဖို့ နောက်တခြားနိုင်ငံရေးအကျဉ်းသားတွေပြန်လွှတ်ပေးဖို့လည်းပါတယ်"

အဲဒီထုတ်ပြန်ချက်ထဲမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေးဆွေးနွေးပွဲတွေ အမြန်ဆုံးဖြစ်ပေါ်လာရေး၊ ပြည်ပရောက် ရှမ်းတိုင်းရင်းသားတွေ ပြည်တွင်းကို မှတ်ပုံတင်ရရှိပြီး တရားဝင် ဝင်ရောက်ခွင့်ရရေး၊ အကျဉ်းထောင်ထဲမှာရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် ရှမ်းတိုင်းရင်သား လက်နက်ကိုင်အဖွဲ့ဝင်တွေ အမြန်ဆုံးလွတ်မြောက်လာရေးဆိုတဲ့အချက်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအင်အားစုတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားသွားမှာဖြစ်ကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS က ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီး စိုင်းလှက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁ဝ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေး RCSS ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ တွေ့ဆုံခဲ့ရာမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ စုံစမ်းစစ်ဆေးရေးအဖွဲ့တွေ ထားရှိသွားဖို့ သဘောတူညီခဲ့ကြပါတယ်။

RFA Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here