Saturday, June 15, 2013

ပြည်ပရောက် ရှမ်းများ ပြည်တော်ပြန်ရန် RCSS/SSA နှင့် SNLD တို့ ဆွေးနွေး

0 comments

ဇွန်လ ၁၅ ရက်
 

ထိုင်းနိုင်ငံရောက်ရှမ်းတိုင်းရင်းသားများ လာမည့်နှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှု အမီ
မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေးအတွက် RCSS/SSA ဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် ခေါင်းဆောင်သောအဖွဲ့နှင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD အဖွဲ့ဝင်များနှင့် ဇွန် ၁၂ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံခဲ့သည်။ 

ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို အစိုးရက ၂ဝ၁၄ ခုနှစ် မတ် ၃ဝ ရက်မှ ဧပြီ ၁ဝ ရက်အတွင်း အပြီးကောက်မည်ဟု တရားဝင်ထုတ်ပြန်ထားသည်။

လူမှုအဖွဲ့အစည်းများက ကောက်ခံထားသော စာရင်းဇယားများအရ ထိုင်းနိုင်ငံတွင် ရှမ်းတိုင်းရင်းသား ငါးသိန်းခန့်ရောက်နေကြပြီး ရွှေ့ပြောင်းအလုပ်သမားအဖြစ် မှတ်ပုံတင်ထားကြကြောင်း၊ မှတ်ပုံတင် မထားသူများလည်း ရှိကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA ၏ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး စိုင်းလှက ပြောသည်။

''အဲဒီရွှေ့ပြောင်းလုပ်သားတွေရဲ့ ဘဝလုံခြုံမှုအတွက်စိုးရိမ်ရတယ်။ စီးပွားရေး၊ ပညာရေးလည်း အာမခံချက်မရှိဘူး။
ဒါကြောင့် ပြန်ခေါ်နိုင်ဖို့ ရည်ရွယ်ထားတာ'' ဟု ၎င်းက မဇ္ဈိမကို ပြောသည်။ အင်ဒိုနီးရှားနိုင်ငံနှင့် စင်ကာပူနိုင်ငံတို့တွင်
ရောက်ရှိနေသော ရှမ်းတိုင်းရင်းသားများလည်း ရှိကြသည်ဟုလည်း သူက ဆက်ရှင်းပြသည်။

အဆိုပါကိစ္စကို RCSS/SSA နှင့် SNLD နှစ်ဖွဲ့ပူးပေါင်း၍ အစိုးရအားမည်သို့ တိုက်တွန်းရမည်ကို ဆွေးနွေးဖြစ်ခဲ့
ကြောင်းလည်း တွေ့ဆုံပွဲ၌ပါဝင်ခဲ့သူများက သတင်းထောက်များကို ပြန်ပြောခဲ့သည်။

အဆိုပါအဖွဲ့အစည်းနှစ်ခုသည် ပြည်ပရောက် ရှမ်းတိုင်းရင်းသားများ မိခင်နိုင်ငံသို့ ပြန်လာရေးအပြင် အစိုးရနှင့်
ရှမ်းပြည်တပ်မတော်တို့ နိုင်ငံရေးဆွေးနွေးပွဲများ အမြန်ပေါ်ပေါက်ရေး နည်းလမ်းများ၊ ရှမ်းအဖွဲ့အစည်းများမှ
နိုင်ငံရေးအကျဉ်းသားများအပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ပြန်လွတ်ရေးနည်းလမ်း များကို ပူးပေါင်းဆောင်ရွက်ရန် ညှိနှိုင်းခဲ့ကြသေးသည်ဟု ဆွေးနွေးပွဲအပြီး သတင်းထောက်များကို ရှင်းပြခဲ့သည်။

''ဒီနေ့ဆွေးနွေးတဲ့ အကြောင်းအရာတွေ အမြန်ဆုံးအစိုးရနဲ့ ထပ်ပြီးတော့ ဆွေးနွေးသွားဖို့ရှိပါတယ်'' ဟုလည်း ဗိုလ်မှူးကြီး စိုင်းလှ က ပြောသည်။

ဆွေးနွေးပွဲ၌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ် ခေါင်းဆောင်သော RCSS/SSA အဖွဲ့မှ အတိုင်ပင်ခံ ဦးခွန်ဆိုင်း၊ ဦးစဝ်ပင်ခမ်း၊ ဗိုလ်မှူးချုပ် ပေါင်းခေး၊ ဗိုလ်မှူးကြီး အွန်တင်း၊ ဗိုလ်မှူးကြီး စိုင်းလှတို့ပါဝင်ခဲ့ပြီး SNLD ဘက်မှ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး၊ ဒုဥက္ကဋ္ဌ ဦးစိုင်းစောအောင်၊ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်တို့ ပါဝင်ဆွေးနွေး ခဲ့သည်။ ၎င်းတို့သည် ရန်ကုန်မြို့ရှိ SNLD ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။


ရှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်စိုင်းနှင် RCSS/SSA တို့ တွေ့ဆုံစဉ် ပြည်ပရောက်ရှမ်းများ ပြန်လာနိုင်ရန် ဆွေးနွေးခဲ့ကြသည်။ (ဓာတ်ပုံ-ဟောင်ဆာ)

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here