Friday, July 12, 2013

ရပ်ကွက်များအတွင်း ရေစီးရေလာ ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပြည်သူများ ၀ိုင်းဝန်းကူညီဆောင်ရွက်ကြစေလို

0 comments
ဇူလိုင်လ ၁၂ ရက်


တာချီလိတ်မြို့ပေါ်ရပ်ကွက်များ (အထူးသဖြင့်) ရပ်ကွက်သစ်များတွင် မိုးသည်းထန်စွာရွာသွန်းသည့်  အခါတိုင်း လမ်းနှင့် နေအိမ်အချို့ ရေနစ်မြုပ်မှုများဖြစ်လေ့ရှိသည်။

ထိုသို့ဖြစ်ပွားရခြင်းမှာ ရေနုတ်မြောင်းများ စနစ်တကျ ဆောင်ရွက်ထားမှု မရှိခြင်းနှင့် အချို့သော ကိုယ်ကျိုးသမားအချို့က မိမိတို့ နေအိမ်ရှေ့ရှိ ရေနုတ်မြောင်းများအား မြေဖို့ထားခြင်းတို့ကြောင့် ရေမြောင်းများ ပိတ်ဆို့ကာ မိုးရွာသွန်းလျှင် ရေထွက်ပေါက်မရှိတော့ပဲ လမ်းမကြီးများမှာ ချောင်းအသွင်ပြောင်းပြီး နိမ့်သောနေအိမ်များသို့ စီးဝင်သွားခဲ့ရသည်။

ဇူလိုင်လ(၉)ရက် အရုဏ်တက်မှ စတင်ကာ ရွာသွန်းခဲ့သောမိုးကြောင့် တာချီလိတ်မြို့တွင်းရှိ နမ့်ယွန်းချောင်း၊ ရွှေဝါနဒီချောင်းနှင့် မယ်ဆိုင်ချောင်းများ ရေမျက်နှာပြင် မြင့်တက်လာကာ မြို့အနိမ့်ပိုင်းရှိ နေအိမ်အချို့ရေနစ်မြုပ်ခဲ့ရသည်။

{ မယ်ခေါင်ရပ်ကွက်အတွင်း၌ ရေနုတ်မြောင်းအား ပိတ်ဆို့မြေဖို့ထားပုံ}
"မယ်ခေါင်ရပ်ကွက် မြို့ပတ်လမ်းဟာ မြို့ကွက်သစ်ဖြစ်ပါတယ်။ နေအိမ်တွေ ဆောက်လုပ်ရာမှာ မယ်ဆိုင်ချောင်းရေကို ကြောက်ပြီး သူ့ထက်ငါ အပြိုင်အဆိုင်မြေဖို့ကြလာရာမှာ ရေနုတ်မြောင်းတွေကိုပါ ဖို့ပစ်လိုက်ကြတော့ ရေနုတ်မြောင်းမရှိတော့ပဲ လမ်းပေါ်မှာ ရေလွှမ်းပြီး နိမ့်တဲ့အိမ်တွေထဲ စီးဝင်သွားတာ အခုတွေ့ရတဲ့ နေအိမ်ဆိုရင်(ပုံပါအတိုင်း) မိသားစုဝင်တွေဟာ အိမ်ကိုပစ်ပြီးတော့ကို ထွက်ရတဲ့အထိ အခြေအနေဆိုးရွားပါတယ်။ နေအိမ်အသစ်ဆောက်လုပ်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက စစ်ဆေးဆောင်ရွက်သင့်သလို ပြည်သူတွေအနေနဲ့လဲ ကိုယ့် ကိုယ်ကျိုးကိုသာကြည့်ပြီး အများပြည်သူထိခိုက်စေမဲ့ အပြုအမူတွေကို မဆောင်ရွက်သင့်ပါဘူး" ဟု မယ်ခေါင်ရပ်ကွက်မှ ပြည်သူတစ်ဦးကပြောပြပါသည်။
"မိုးနဲနဲရွာတာနဲ့ မြို့မဈေးကို ရေ၀င်ရောက်တတ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ နမ့်ယွန်းချောင်းဟာ ကိုယ်ကျိုးကြည့်သူတွေကြောင့် ချောင်းဧရိယာကျဉ်းလာပြီးမိုးရွာတဲ့အခါ ရေမျက်နှာပြင်ဟာ မြင့်တက်လာပါ
တယ်။ ဒီတော့ မြေနိမ့်ပိုင်းရောက်နေတဲ့ မြို့မဈေးထဲကို ရေ၀င်ရောက်တော့တာပါပဲ။ ဒါ့အပြင် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်သူတွေကြောင့် ချောင်းတွေဟာ အမှိုက်တွေနဲ့ ပိတ်ဆို့နေတော့ ပိုဆိုးကုန်တာပေါ့၊ ကျွန်တော်တို့ စည်ပင်သာယာရေးကလဲ တတ်စွမ်းသမျှ ဆောင်ရွက်ပေးနေသလို ပြည်သူတွေကလဲ စည်းကမ်းလိုက်နာပြီး ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်၊ မကြာမီကာလအတွင်း မြို့မဈေးကို အသစ်ပြန်လည် တည်ဆောက်တဲ့ အခါမှာလဲ ရေဆိုး ထုတ်စနစ်တွေကို သေသေချာချာ ထည့်သွင်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကိုကိုမှ ရှင်းလင်းပြောပြသွားခဲ့ပါသည်။

သို့ဖြစ်ပါ၍ တာချီလိတ်မြို့ သန့်ရှင်းသာယာလှပရေး၊ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်တားဆီး နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စနစ်တကျ ကြီးကြပ်ဆောင်ရွက်ပေးသင့်သလို ပြည်သူများကလဲ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။
Tachileik Online News

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here