Tuesday, September 17, 2013

ဥပဒေပညာဘွဲ့သင်တန်းကို အွန်လိုင်းစနစ်နှင့် ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ပထမဆုံးအကြိမ်ဖွင့်လှစ်မည်

0 comments
ခေတ်မီဖွံ့ဖြိုးတိုးတက်လာသော နည်းပညာရပ်များကို အခြေခံ၍ ပညာရေးစနစ်ပိုမို တိုးတက်မြင့်မားလာ စေရန် ရည်ရွယ် ကာ ရန်ကုန်အဝေးသင်တက္ကသိုလ် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် ဥပဒေ ပညာဘွဲ့ (LLB) ပထမနှစ် သင်တန်းကို Online System နှင့်ရန်ကုန်အဝေးသင်
တက္ကသိုလ်တွင် ၂၀၁၃ခုနှစ် ဒီဇင်ဘာလမှ စတင်ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်းသိရသည်။ အဆိုပါ သင်တန်း ကို ၂၀၁၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ပြီးသူများ အနက် အဝေးသင်ဥပဒေပညာဘွဲ့ကြိုဝင်ခွင့် အမှတ်မီသူများ၊ တက္ကသိုလ်တစ်ခုခုတွင် သင်တန်းတက်ရောက်နေသူများနှင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိပြီးသူများလည်းလျှောက်ထားနိုင်ကြောင်း ရန်ကုန်အဝေးသင် တက္ကသိုလ်တာဝန်ခံ ပါမောက္ခချုပ်ဒေါက်တာလှတင့်ကပြောကြားခဲ့သည်။ Online Learning System နှင့်သင်ကြားပို့ချရာတွင် သင်ယူလိုစိတ်ရှိသူများအတွက် သင်ယူမှုအခွင့်အလမ်း ရရှိစေပြီး လူကြီးလူငယ် မရွေး တက်ရောက်နိုင်ကြောင်း၊ Online System တွင် စာသင်ချိန်အတိအကျ သတ်မှတ် ထားခြင်း မရှိသည့် အတွက် မိမိတို့ အဆင်ပြေမည့်အချိန်တွင် ရန်ကုန်အဝေးသင် တက္ကသိုလ်ဝက်ဘ်ဆိုက် www.yude.ac.mm မှ တဆင့်သက်ဆိုင်ရာဘာသာရပ်ကို Downloadလုပ်ပြီး လေ့လာနိုင် ကြောင်းသိရသည်။ သင်တန်းတွင်ပို့ချမည့်သင်ရိုးညွှန်းတမ်းနှင့် မာတိကာများတွင် ပုံမှန်တက္ကသိုလ်များတွင် သင်ကြားပို့ချပေးလျက်ရှိသော ဥပဒေပညာဘွဲ့ကြို ပထမနှစ်သင်တန်းများမှ သင်ရိုးများ အတိုင်းဖြစ်ပြီး သင်တန်းကာလတွင် ပုံမှန်ဒီဂရီဘွဲ့ သင်တန်းများကဲ့သို့ ငါးနှစ်သတ်မှတ်ထားကြောင်းသိရသည်။ အွန်လိုင်းမှတဆင့် သင်ကြားပို့ချချက်၊ Video, Audio ပို့ချချက်ဖိုင်များ၊ ရည်ညွှန်းစာအုပ်များ၊ Assignment မေးခွန်းများ၊ Tutorial မေးခွန်းများကို ရယူနိုင်ပြီး အဖြေလွှာများကို အွန်လိုင်းမှပင်ပြန်လည် ပေးပို့နိုင်သည့်အတွက် အချိန်ကုန်သက်သာသော ခေတ်မီပညာသင်ကြားရေး နည်းစနစ်ဖြစ်ကြောင်းသိရသည်။ဖြေဆိုထားသောစာစဉ်ရမှတ်များကို အွန်လိုင်းမှက ပြန်လည်ပေးပို့မည်ဖြစ်ကြောင်း သိရသည်။ သင်တန်းသူသင်တန်းသားများ၏ အားနည်းချက်၊ အားသာချက်များကို အင်တာနက်မှတစ်ဆင့် ကျောင်းသား နှင့်ဆရာ အနီးကပ်ထိတွေ့ ဆွေးနွေးနိုင်ရန် Online Class များကိုစီစဉ်ထားကြောင်းသိရသည်။ အွန်လိုင်းသင်ကြားရေး စနစ်ဖြစ်သည့်အတွက် Internet Access ရရှိသောနေရာ ဒေသမရွေးသင်ကြားနိုင်ကြောင်း၊ သင်တန်းသားများအနေနှင့် ကွန်ပျူတာစနစ်ကို တတ်ကျွမ်းပြီး စည်းကမ်းရှိကာလေ့လာချင်စိတ်ရှိပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ရန်လိုအပ်မည် ဖြစ်ကြောင်းသိရသည်။
 
Skynet TV

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here