Monday, September 16, 2013

ဆယ်တန်း ဆက်မတက်နိုင်၍ ဒဏ်ငွေ ခြောက်သိန်း မပေးဆောင်နိုင်သောမိသားစု

0 comments


 
16.09.2013

ရှမ်းပြည်တောင်ပိုင်း ဟိုပုံးမြို့နယ် (ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ) ၊ စငေါကျေးရွာ အထက်တန်းကျောင်းခွဲမှ မည်သည့် ကျောင်းသားမဆို ဆက်လက်ပညာ သင်ကြားလိုခြင်း မရှိလျှင် ဒဏ်ငွေ (၆၀၀၀၀၀) ခြောက်သိန်းကျပ်တိတိ ပေးဆောင် ပြီးမှ ကျောင်းထွက်ရကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ဟိုပုံးမြို့၊ စငေါကျေးရွာအုပ်စု၊ ဒုံကောင်ကျေးရွာနေ ဦးအောင်သန်းနှင့် ဒေါ်မွိုးဒွန်း တို့၏ သား ခွန်ဝင်းလှိုင် (၂၆)နှစ်အား ၁၃.၉.၂၀၁၃ ရက်နေ့ ည (၈)နာရီ အချိန်တွင် ကျေးရွာ ပြည်သူ့စစ် ဗိုလ်လေးတုတ် ၏ ရဲဘော် ကျော်စိုးခိုင် မှ လက်ထိပ်ခတ်၍ ကိုယ်ထိလက်ရောက် ရိုက်နက်ရာ ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

ခွန်ဝင်းလှိုင် ၏ ညီမဖြစ်သူ နန်းခင်ကြည် သည် ဟိုပုံးမြို့နယ်၊ စငေါကျေးရွာအုပ်စု၊ စငေါ အခြေခံပညာ အထက်တန်းကျောင်းခွဲ (၂၀၁၁-၂၀၁၂) ပညာသင်နှစ်တွင် ပညာသင်ကြားခဲ့သည့် ကျောင်းသူ တစ်ဦး ဖြစ်ကြောင်း၊ (၂၀၁၂-၂၀၁၃) ပညာသင်နှစ်တွင် ဆယ်တန်းနှစ်ကျ ကျောင်းသူတစ်ဦးဖြစ်ပြီး ငွေကြေးအခက်အခဲကြောင့် ဆက်လက် ပညာသင်ကြားနိုင်ခြင်း မရှိတော့ကြောင်း၊ ကျောင်း ဆက်မတက်နိုင်၍ မိခင်ဖြစ်သူ ဒေါ်မွိုးဒွန်းအား နေ့လည် (၁၂)နာရီအချိန်တွင် စငေါကျေးရွာအုပ်စု၊ ခိုခြဲကျေးရွာသို့ ပြည်သူ့စစ်အဖွဲ့မှ ငွေ ခြောက်သိန်းဖြင့် ပြန်လည်ရွေးယူရန် ခေါ်ဆောင်သွားကြောင်း သိရှိခဲ့ရသည်။

နန်းခင်ကြည်၏ အစ်ကိုဖြစ်သူ ခွန်ဝင်းလှိုင် မှ ည (၁၂)နာရီ အချိန်တွင် မိခင်ဖြစ်သူအား လွှတ်ပေးရန် ငွေကျပ် သုံးသိန်းခွဲဖြင့် သွားရောက်တောင်းပန် ရွေးယူခဲ့ရာ ခွန်ဝင်းလှိုင် အား လက်ထိပ်ခတ် ဖမ်းဆီးချုပ်နှောင် ပြီး မူးယစ်သောက်စားထားသည့် ပြည်သူ့စစ် ကျော်စိုးခိုင် မှ ရိုက်နက်ခဲ့ပြီး (၁၈.၉.၂၀၁၃) တွင် ကျန်ငွေ ကျပ်နှစ်သိန်းခွဲ အပြီး ပေးဆောင်ရန်၊ ပျက်ကွက်ပါက နေအိမ်ကို မီးရှို့ပစ်မည်ဟု ခြိမ်းခြောက်ပြောဆို ခဲ့ကြောင်း သိရှိရပါသည်။

ယခုအခါ ခွန်ဝင်းလှိုင် သည် ဟိုပုံးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေရကြောင်း၊ မိခင်ဖြစ်သူမှာ ရွာသို့မပြန်ရဲ၍ ဟိုပုံးမြို့တွင် ခေတ္တနေထိုင်နေရကြောင်း၊ ၎င်း ကိစ္စနှင့်ပါတ်သက်၍ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့ထံ အမှုဖွင့်တိုင်ကြားထားကြောင်း ဒေသခံတစ်ဦးမှ ပြောကြားခဲ့ပါသည်။

Thit Htoo Lwin

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here