Monday, September 16, 2013

အွန်လိုင်း အနိုင်ကျင့်မှုကြောင့် ၁၂ နှစ်သမီး ကိုယ့်ကိုယ်ကိုယ် သတ်သေ

0 comments

16.09.2013
ဖလော်ရီဒါ အလယ်ပိုင်းရှိ ကျောင်းသူတစ်ဦးသည် လပေါင်းများစွာ အွန်လိုင်းပေါ်ကနေပြီး ခြိမ်းခြောက် အနိုင်ကျင့်ခံရပြီးနောက် စိတ်ဓာတ်ကျကာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြောင်း ဖလော်ရီဒါပြည်နယ် အာဏာပိုင်များက ထုတ်ဖော် ပြောကြားခဲ့ကြောင်း Reuters သတင်းတွင် ရေးသားထားသည်။
အသက် ၁၂ နှစ်အရွယ်ရှိ ရေဘက်ကာအန်းဆက်ဝစ် ဆိုသူသည် မိမိနေထိုင်ရာ လိခ်လန်းမြို့ရှိ စွန့်ပစ်ထားသော အဆောက်အအုံတစ်ခု အပေါ်ထပ်ကနေပြီး ခုန်ချကာ သတ်သေသွားခြင်း ဖြစ်သည်ဟု ယင်းသတင်းတွင် ဖော်ပြထားသည်။
ဆက်ဝစ်သေဆုံးရခြင်းနှင့် ပတ်သက်ပြီး အခြားကျောင်းသူ တစ်ဒါဇင်ခန့်ကို ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း သတင်းစာ ရှင်းလင်းပွဲတွင် ပို့ခ်ကောင်တီ ရဲတပ်ဖွဲ့က တာဝန်ရှိသူ ရဲအမှုထမ်း ဂရက်ဒီဂျပ်က ပြောကြားသည်။ မိမိတို့အနေနှင့် ခြေရာခံမိသလောက် လိုက်လံစုံစမ်းနေရာ အမှုမှန် ပေါ်ပေါက်တော့မည် ဖြစ်ကြောင်းလည်း ဂရက်ဒီက ဆိုသည်။
ယခုကဲ့သို့ ဆက်ဝစ် သေဆုံးရမှုတွင် ပတ်သက်နေသူနှစ်ဦး၊ သုံးဦးခန့် ရှိကြောင်း၊ မိမိတို့ ယူဆသကဲ့သို့ အွန်လိုင်းပေါ်ကတစ်ဆင့် ခြိမ်းခြောက် အကျပ်ကိုင်မှုကြောင့် သေဆုံးရခြင်းဖြစ်လျှင် ယင်းကိစ္စနှင့် ပတ်သက်ပြီး ဆိုက်ဘာ ခြိမ်းခြောက်မှုဥပဒေ သို့မဟုတ် ဆိုက်ဘာ အကျပ်ကိုင်မှု ဥပဒေများကို ပြဋ္ဌာန်းထုတ်ပြန်ရန် လိုအပ်လာပြီဟု တိုက်တွန်းရမည် ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒွန်နာဝုဒ်ကလည်း ပြောကြားခဲ့သည်။
ရေဘက်ကာ၏ အွန်လိုင်း လူမှုရေးကွန်ရက် စာမျက်နှာပေါ်တွင် “နင်သေမယ်” “နင်ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် သတ်မသေသေးတာလဲ” စသည့် ရေးသားချက်များကို တွေ့ရကြောင်း၊ သတ်မသေမီနေ့က ရေဘက်ကာသည် စိတ်ဓာတ် အကြီးအကျယ် ကျလျက် ရှိသည်ကို တွေ့ရကြောင်း၊ သူ့အွန်လိုင်း စာမျက်နှာပေါ်တွင်လည်း အကြမ်းဖက် ရက်စက်စွာ ရေးသားထားသည့် စာများဖြင့် ပြည့်နေကြောင်း Reuters သတင်းထောက်က ပြောကြားသည်။
ရေဘက်ကာနှင့် သူမ၏ သူငယ်ချင်း ဖြစ်သူတို့သည် လွန်ခဲ့သည့် ၂၀၁၂ ခုနှစ်ကတည်းက ရည်းစားလုဖက်အဖြစ် ပြဿနာ တက်ခဲ့ပြီးနောက် ယခုကဲ့သို့ သတ်သေခဲ့ရသည့် အဖြစ်အပျက် ပေါ်ပေါက်စေရန် အကျပ်ကိုင် ခြိမ်းခြောက်မှုများကို ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့မှ ဂျပ်က ဆိုသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here