Sunday, September 8, 2013
ငါးလအတွင်း နယ်စပ်ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၁၇၈၂ သန်းကျော် ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုထက် အမေရိကန်ဒေါ်လာ ၃၉၁ သန်းကျော် ပိုမိုရရှိ
Categories :
မူဆယ်နယ်စပ် ကုန်သွယ်ရေးစခန်းအား တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)
ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ် ဧပြီ ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ နယ်စပ်ကုန်သွယ်မှု စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၇၈၂ သန်းကျော်ရှိပြီး ယခင်ဘဏ္ဍာနှစ် ကာလတူ ကုန်သွယ်မှုဖြင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၃၉၁ သန်းကျော် ပိုမိုကုန်သွယ်မှု ပြုလုပ်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် တရုတ်၊ ထိုင်း၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံများနှင့် နယ်စပ်ကုန်သွယ်မှု ပြုလုပ်လျက်ရှိပြီး ၂၀၁၃ ခုနှစ် ဧပြီလမှ သြဂုတ်လကုန်အထိ ပို့ကုန်အမေရိကန်ဒေါ်လာ ၁၁၇၁ သန်းကျော်၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၇၁၀ သန်းကျော်ဖိုး ကုန်သွယ်မှု ပြုလုပ်ခဲ့ရာ ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၄၆၁ သန်းကျော်ရှိကြောင်း သိရသည်။
ယခင် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင်မူ နယ်စပ်တစ်လျှောက်မှ ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၆၆ သန်းကျော်၊ သွင်းကုန် ၅၂၃ သန်းကျော် ကုန်သွယ်မှု ပြုလုပ်ခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၁၃၉၀ ကျော်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံ အနေဖြင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းမှတစ်ဆင့် တရားဝင်ကုန်သွယ်မှု ပြုလုပ်လျက်ရှိသည့် နယ်စပ်ကုန်သွယ်ရေး စခန်းပေါင်း ၁၅ ခုရှိပြီး နှစ်စဉ်ကုန်သွယ်မှု ပိုငွေရှိခဲ့ကြောင်း သိရသည်။
တရားဝင် ဖွင့်လှစ်ထားသည့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ကုန်သွယ်မှု ပြုလုပ်ရာတွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေး စခန်းမှ ကုန်သွယ်မှု အများဆုံ့း ပုလုပ်လျက်ရှိပြီး ဒုတိယ အများဆုံး ကုန်သွယ်ရေးစခန်းမှာ မြန်မာ-ထိုင်း နယ်စပ်ရှိ မြ၀တီနယ်စပ် ကုန်သွယ်ရေး စခန်းဖြစ်ပြီး မြန်မာနိုင်ငံဘက်မှ လယ်ယာထွက်ကုန် ပစ္စည်းမျိုးစုံနှင့် ရေထွက်ကုန်ပစ္စည်းများအား တင်ပို့မှု အများဆုံးဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန အနေဖြင့် နယ်စပ်မှတရားဝင် ကုန်သွယ်မှု တန်ဖိုးများမြင့်တက် လာစေရန်အတွက် Mobile Team များဖြင့် ဖမ်းဆီးအရေးယူ ဆောင်ရွက်မှုများ ပြုလုပ်လျက်ရှိပြီး တရားမ၀င် ကုန်သွယ်မှု မရှိစေရန်နှင့် လျင်မြန်စွာ ကုန်သွယ်မှု ပြုလုပ်နိုင်ရန်အတွက် တစ်ဦးချင်းကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC-Card) များကိုလည်း နယ်စပ်ကူးသန်းရောင်းဝယ်ရေး စခန်းများတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
eleven media group
Subscribe to:
Post Comments (Atom)