Sunday, September 8, 2013
နှစ်နိုင်ငံနယ်နိမိတ် တိုင်းတာမှု အခြေအနေ၊ နယ်စပ်လုံခြုံရေးနှင့် ဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရန် အချက်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ထိုင်းဝန်ကြီးချုပ်တို့ ဆွေးနွေး
Categories :
နှစ်နိုင်ငံ နယ်နိမိတ် တိုင်းတာမှု အခြေအနေ၊ နယ်စပ်ဒေသ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန် အချက်များကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ်ရှင်နာဝတ်ထရာတို့ ထိုင်းအစိုးရ အိမ်တော်၌ စက်တင်ဘာ ၆ ရက်က တွေ့ဆုံပြီး ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း ထိုင်းသတင်းအေဂျင်စီ (TNA) က သတင်းဖော်ပြခဲ့သည်။
ထိုင်း-မြန်မာ နယ်နိမိတ်မှာ ၁၃၁၆ မိုင်ရှိပြီး လက်ရှိအချိန်အထိ နယ်နိမိတ် တိုင်းတာမှုမှာ ၃၆ မိုင်သာ ပြီးစီးသေးသဖြင့် ထိုင်းဝန်ကြီးချုပ် ယင်လတ်ရှင်နာဝတ်ထရာ လက်ထက်တွင် တိုင်းတာမှုပြီးစီးအောင် လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဦးခင်အောင်မြင့်က ပြောဆိုခဲ့သည်။ ထိုင်းဝန်ကြီးချုပ်က နယ်နိမိတ်တိုင်းတာရေး ကိစ္စရပ်ကို အမြန်ပြီးစီးအောင် စည်းမျဉ်းဥပဒေများ သတ်မှတ်ပေးရန် လိုအပ်ကြောင်းနှင့် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအတွက် ကြိုးပမ်းဆောင်ရွက် သွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အပြင် ဦးခင်အောင်မြင့်က နှစ်နိုင်ငံအကြား ပြည်သူလူထုများ ကူးလူးဆက်ဆံမှု မြှင့်တင်နိုင်ရန်အတွက် "နှစ်နိုင်ငံ ပန်းတိုင်တစ်ခု" ဆိုသည့် ခရီးသွားမြှင့်တင်ရေး အစီအစဉ် ပြုလုပ်ရန်အတွက်လည်း ထိုင်းနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုကို မြန်မာနိုင်ငံအနေဖြင့် အလိုရှိနေကြောင်းလည်း ပြောကြားခဲ့သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံအစိုးရ ပြောရေးဆိုခွင့်ရှိသူ Teerat Rattansevi က သတင်းထောက်များကို ပြောကြားခဲ့ရာ၌ တွေ့ဆုံပွဲအပြီးတွင် ၀န်ကြီးချုပ် ယင်လတ်က ကုန်သွယ်ရေး အတားအဆီးများ ဖယ်ရှားနိုင်ရန်နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာနိုင်ရန်အတွက် နှစ်နိုင်ငံကြား နယ်စပ်စည်းမျဉ်း ပြန်လည်သတ်မှတ်ရေးအတွက် သဘောတူညီခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းဝန်ကြီးချုပ်သည် "နှစ်နိုင်ငံ ပန်းတိုင်တစ်ခု" ဆိုသည့် ခရီးသွားမြှင့်တင်ရေး အစီအစဉ်ကိုလည်း အပြည့်အ၀ ထောက်ခံခဲ့ပြီး ယခုလို ပြုလုပ်ခြင်းအားဖြင့် မြန်မာ၊ ထိုင်းနှင့် အခြားအာဆီယံ နိုင်ငံများ ဆက်ဆံရေး ပိုမိုတိုးမြှင့် တည်ဆောက်လာနိုင်လိမ့်မည်ဟု ပြောကြားသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် ဦးခင်အောင်မြင့်က ရိုဟင်ဂျာအရေးနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံတွင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုထားသည့် တိုင်းရင်းသား မျိုးနွယ်စုများထဲတွင် ရိုဟင်ဂျာဆိုသည်မှာ မရှိကြောင်း၊ ဘင်္ဂါလားဒေ့ရှ်မှ ခိုးဝင်လာခဲ့ခြင်း ဖြစ်နိုင်ကြောင်းနှင့် မြန်မာအစိုးရ အနေဖြင့် ထိုလူများအား နိုင်ငံပြင်ပသို့ ထွက်ခွာရန်အတွက် ဖိအားပေးခြင်းမျိုး မရှိပါကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့သည်ဟု ပြောရေးဆိုခွင့် ရှိသူ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကိစ္စကို ၀န်ကြီးချုပ် ယင်လတ်က ပြန်ကြားရာတွင် ထိုင်းနိုင်ငံ အနေဖြင့် ရိုဟင်ဂျာ ဒုက္ခသည်များအား နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အကူအညီများ ပေးအပ်ခဲ့ပြီးဖြစ်ကြောင်းနှင့် ထိုင်းနိုင်ငံကို အခြေစိုက်စခန်းအဖြစ် အသုံးပြု၍ မြန်မာအစိုးရကို ဆန့်ကျင်မည့် မည်သည့်မျိုးနွယ်စု လက်နက်ကိုင်များကိုမှ လက်သင့်ခံမည် မဟုတ်ကြောင်း ပြောကြားသည်။
eleven media group
Subscribe to:
Post Comments (Atom)