6.9.2013
တိုင်းရင်းသားဒေသတွေသွားပြီးတိုင်းရင်းသားဝတ်စုံတွေနဲ့ဓာတ်ပုံအရိုက်ခံတာဟာ``လူထုဆက်ဆံရေးနည်းပညာ´´တစ်ခုကိုအသုံးချခြင်းသာဖြစ်ပြီး
အမှန်တကယ် တိုင်းရင်းသားတွေကို ချစ်မြတ်နိုးတယ်လို့မဆိုနို်င်ပါဘူး။´´
တိုင်းရင်းသားတွေစည်းလုံးညီညွှတ်ရေးအမှန်တကယ်လုပ်လိုပါလျှင်
တစ်ချို့ကပြောကြတယ်။ တိုင်းရင်းသားတွေက လူမျိုးစွဲကြီးတယ်။ ကိုယ့်တိုင်းရင်းသားတွေအတွက်ပဲကြည့်တယ်။ (အမြင်ကျဉ်းတယ် ဆိုပါစို့) အဲ့လိုပြောကြတယ်။အရေးကြီးတာကတစ်နိုင်ငံလုံးအတွက်ပဲလုပ်သင့်တယ်ဆိုတာမျိုးပေါ့။
ဒါက သူ့ဘက် ကိုယ့်ဘက်ပြန်မကြည့်ပဲ လက်လွတ်စပါယ်ပြောတဲ့ စကားလို့ ယူဆပါတယ်။ ဘာလို့ဆို မြန်မာအများစုဟာ တရုတ်နဲ့မွတ်ဆလင်ကုလားကို မမုန်းတောင် သဘောကျ ကြိုက်နှစ်သက်ခြင်းတော့မရှိပါဘူး။ ဘာလို့လဲလို့ ပြန်ကောက်ချက်ချကြည့်တော့ သူတို့အခွင့်အရေးကို လုယူလိမ့်မယ်လို့ မြင်နေလို့ပါပဲ။ မွတ်ဆလင်ကုလားလို့ခွဲပြောရရတာက ဟိန္ဒူတွေကိုတော့ မြန်မာအများစုကရန်သူလို့မမြင်ပဲမိတ်ဆွေလို့မြင်နေလို့ပါပဲ။ဒါကကိုယ့်အခွင့်အရေးနဲ့ပတ်သက်ပြီးဖြစ်ပေါ်လာတဲ့ခံစားချက်လို့မြင်ပါတယ်။ ဒီလိုဆိုရင် တိုင်းရင်းသားတွေလည်း သူတို့ရဲ့ အခွင့်အရေးကို စိုးရိမ်တဲ့စိတ်မရှိနိုင်ဘူးလား ဆိုတာ ပြန်ကိုယ်ချင်းစာကြည့်သင့်ပါတယ်။
အခွင့်အရေးဆိုတဲ့နေရာမှာ ရိုးရာယဉ်ကျေးမူနဲ့ ၊ ဘာသာစကား ၊ စာပေတွေ ပါနေခဲ့တာပါပဲ။ ဆိုလိုတာက မြန်မာတွေကို ကုလားစာပဲ သင်ရမယ်လိုပြောရင် ဘယ်သူမှလက်ခံမယ်မထင်ပါဘူး။ ဒါက မွေးရာပါ တိုင်းရင်းသားတွေရဲ့အခွင့်အရေးဖြစ်နေလို့ပါပဲ။တိုင်းရင်းသားအတော်များများကို နားမလည်နိုင်တဲ့အထဲမှာ ဒီကိစ္စပါပါတယ်။ မြန်မာအများစုက တိုင်းရင်းသားတွေဟာ အရမ်းတိုးတက်ချင်လို့ ဖက်ဒရယ်တောင်းတယ်။ တန်းတူ အခွင့်အရေးတောင်းတယ်လို့ မြင်နေတယ်လို့ ယူဆပါတယ်။ ဒါဆိုရင်လုံးလုံးမမှန်ဘူးလို့ယူဆပါတယ်။
ဘာလို့ဆို လက်ရှိလည်း နိုင်ငံရေးမှာ ရှေ့တန်းကပါဝင်တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးကဒီလိုပြောဘူးပါတယ်။ `` မီးလင်းဖို့ အရေးကြီးသင့်သလောက်အရေးကြီးတာမှန်ပေမယ့်။ ကျွန်တော်တို့ မီးမရပဲ နှစ်ပေါင်းထောင်ချီနေလာခဲ့တာပါ။လမ်းမကောင်းပဲ နှစ်ပေါင်းများစွာ တောင်ပေါ်မှာနေလာခဲ့ကြတာပါ။ ကိုယ့်ဟာနဲ့ကို ပျော်နေခဲ့ပါတယ်။ ဒီနေ့ခေတ်မှာ ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့ ပေတံနဲ့ပဲတိုင်းပြီး မီးလင်းအောင်လုပ်ပေးမယ်။ လမ်းဖောက်ပေးမယ်လို့ ပြောယုံနဲ့ မရပါဘူး။ ကျွန်တော်တို့ရဲ့ ရိုးရာယဉ်ကျေးမူကို ဆက်လက်ထိန်းသိမ်းနိုင်အောင် အကာအကွယ်ပေးဖို့လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဓလေ့ထုံးတမ်းတွေကို လေးစားတန်ဘိုးထားဖို့လိုပါတယ်။ ´ ´ လို့ပြောဖူးပါတယ်။
ဒါဆိုရင်တိုင်းရင်းသားတွေနဲ့ ပြည်မ ခေါင်းဆောင်တွေ နိုင်ငံရေးသမားတွေကြားမှာဘယ်လိုအမြင်မျိုးတွေကွာခြားနေတယ်ဆိုတာသိနိုင်လောက်မယ်ထင်ပါတယ်။ နောက်တစ်ခုက တစ်နိုင်ငံလုံး ဖွံ့ဖြိုးတိုးတက်ဖို့လို့ပြောလိုက်ရင် ဦးစားပေးအဆင့်တွေရှိတတ်ပါတယ်။ဒီအစီအစဉ်တွေကိုအကောင်အထည်ဖော်ရာမှာလည်း အဓိကဗဟိုချက်နဲ့ လူများစုရှိရာ ဒေသတွေဟာ တိုင်းရင်းသားတွေနေထိုင်ရာဒေသတွေမှာရှိမနေပါဘူး။ မြန်မာအများစုနေထိုင်ရာမှာပဲရှိနေတဲ့အတွက်တစ်နိုင်ငံလုံးအရေးလို့ပြောတာမှန်ပေမယ့် ပြည်မအရေးပဲ အဓိကဖြစ်နေမှာဖြစ်ပါတယ်။
ဒါကြောင့်တိုင်းရင်းသားတွေဖက်ဒရယ်တောင်းတာဖြစ်ပါတယ်။ကိုယ့်ကြမ္မာကိုယ်ဖန်တီးဖို့ဆိုတဲ့နေရာမှာကိုယ့်ဒေသအခြေခံအဆောက်အဦးတွေဖွံ့ဖြိုးဖို့သာမကပဲ ရိုးရာယဉ်ကျေးမူတွေဖွံ့ဖြိုးဖို့အရေးပါ ပါတယ်ဆိုတာ သိရမှာပါ။ ဒါကိုတော့ ပြည်မခေါင်းဆောင်တွေ လုပ်မပေးနိုင်ဘူး ဆိုတာလက်ခံရမှာပါ။
ဥပမာပြောရရင် မြန်မာလူထုခေါင်းဆောင်တွေဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းနဲ့ဒေါ်အောင်ဆန်းစုကြည်တို့ဟာတိုင်းရင်းသားဒေသတွေသွားပြီးတိုင်းရင်းသားဝတ်စုံတွေနဲ့ဓာတ်ပုံအရိုက်ခံတာဟာ``လူထုဆက်ဆံရေးနည်းပညာ´´ တစ်ခုကို အသုံးချခြင်းသာဖြစ်ပြီး အမှန်တကယ် တိုင်းရင်းသားတွေကို ချစ်မြတ်နိုးတယ်လို့မဆိုနို်င်ပါဘူး။
သေချာစဉ်းစားကြည့်ရင် စော်ကားရာတောင်ကျပါတယ်။ မျောက်ပြ ဆန်တောင်း သဘောမျိုးဖြစ်ပါတယ်။ (ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့မှာ ဒီလိုရည်ရွယ်ရင်းစွဲရှိလိမ့်မယ်လို့ မယူဆပါဘူး)
ဒီလိုနည်းတွေကို စစ်အစိုးရတစ်လျှောက်လုံးလည်း သုံးခဲ့တာပါ။
တိုင်းရင်းသားတွေကို အမှန်တကယ် ချစ်မြတ်နိုးရင် တိုင်းရင်းသားတွေရဲ့ ရိုးရာယဉ်ကျေးမူဓလေ့ထုံးတမ်းတွေကို မြင့်တင်ရေးတွေ ဖော်ဆောင်ပေးရမှာဖြစ်ပါတယ်။
သမိုင်းကိုပြန်ကြည့်ရင်ဘယ်ခေါင်းဆောင်မှတိုင်းရင်းသားရိုးရာယဉ်ကျေးမူတွေကိုတပြေးညီဖွံ့ဖြိုးအောင်လုပ်ခဲ့တာမရှိပါဘူး။ ပျောက်ကွယ်အောင်ပဲလုပ်ခဲ့တာရှိပါတယ်။
နောက်တစ်ခုက ဒို့ဗမာအစည်းအရုံးလက်က်က ဗမာစာသည်ဒို့စာ ၊ ဗမာစကားသည် ဒို့စကား လို့ကျွေးကျော်ခဲ့ကြစဉ်အချိန်တုန်းက ကိုပြန်ပြီး ကိုယ်ချင်းစာသင့်ပါတယ်။
အဲ့ဒီအချိန်တုန်းက အဲ့ဒီကေကြွးကျော်သံကို အော်ခဲ့တဲ့အထဲမှာ တိုင်းရင်းသား တွေအများကြီးပါတယ်ဆိုတာလည်းမမေ့သင့်ပါဘူး။ မြန်မာတွေအခွင့်အရေးအတွက် လုပ်ပေးခဲ့ကြတာပါ။
အဲ့ဒီအရေးတော်ပုံကြီးအောင်မြင်ခဲ့လို့ပဲ မြန်မာစာ အလွန်ထွန်းကားခဲ့ပြီး အခုဆို တစ်နိုင်ငံလုံးကျယ်ပြန့်နေပါပြီ။
ကျယ်ပြန့်ယုံတင်မကဘူး။ ဗမာစာသည်ဒို့စာဝင်ရောက်ကြွေးကျော်ပေးခဲ့တဲ့ တိုင်းရင်းသားတွေရဲ့ စာပေကိုပါ လွှမ်းမိုးသွားပါပြီ။
အဲ့လိုဖြစ်အောင်လည်း ကျောင်းတွေမှာ တိုင်းရင်းသားဘာသာစကားနဲ့ စာပေကိုသင်ကြားခွင့်မရပဲဗမာစာနဲ့ဗမာစကားကိုသာသင်ကြာခွင့်ရအောင်လုပ်ခဲ့ကြတာလို့ တိုင်းရင်းသားတွေ စွပ်စွဲတာ မမှားလောက်ပါဘူး။
နောက်ပြီးတစ်ချို့မြန်မာ ပြည်သူတွေစိတ်ထဲဓလေ့တစ်ခုလိုစွဲနေတာရှိပါတယ်။ အဲ့ဒါက တစ်ချို့တိုင်းရင်းသားတွေ ယဉ်ကျေးမူနောက်ကျခဲ့တာကို အခွင့်ကောင်းယူပြီးမယဉ်ကျေးတဲ့ဒေသသား(ရိုင်းရိုင်းပြောရရင်လူရိုင်းတွေ)အနေနဲ့ပဲသဘောထားပြီး ပြခန်းမှာ ပြစားဖို့လောက်ပဲအာရုံထားကြတယ်လို့မြင်ပါတယ်။
အဲ့ဒီနေရာမှာ ယဉ်ကျေးမူကိုလည်း အ၀တ်ကောင်းကောင်း စိတ်ထားတည်ကြည်မူနဲ့ လူထုကြားဟောပြောစည်းရုံးနိုင်မူနဲ့ တိုင်းတာတာမျိုးဆိုရင်မှားလိမ့်မယ်လို့ထင်ပါတယ်။
ကရင်ဆိုရင် အစားအသောက်ကြမ်းတာ၊ ရခိုင်ဆိုရင် စိတ်ထားခက်ထန်တာ၊ ရှမ်းတွေ ရက်စက်တာ၊ နာဂတွေ နေချင်သလိုနေတာက အပြစ်တစ်ခုလို့မြင်နေရာ ဒါဟာ တိုင်းရင်းသားတွေအပေါ် ကိုယ်ချင်းစာတရားနည်းပါးတာပဲလို့မြင်ပါတယ်။
ကိုယ်ချင်းစာမူဆိုတာ တစ်ခါတစ်လေ အစားထိုး စဉ်းစားရတာရှိပါတယ်။
မြန်မာတွေ ယိုးဒယားသွားပြီး ကလေးမကျန်သတ်ဖြတ်ခဲ့တာ၊ စစ်သူကြီး မဟာဗန္ဓုလက ရခိုင်တွေကို ရက်ရက်စက်စက်နှိမ်နှင်းခဲ့တာ စသဖြင့် သမိုင်း
ကနေလည်း ကိုယ်ချင်းစာလို့ရပါတယ်။
အပြစ်ဆိုတာလူတိုင်းမှာရှိပါတယ်။ဘယ်လူမျိုးမှတစ်မျိုးနွယ်လုံး မြင့်မြတ်တဲ့အမျိုးရယ်လို့မရှိပါဘူး။ မြင့်မြတ်တယ်ဆိုတာစိတ်ထားမွန်မြတ်ခြင်းနဲ့ပဲတိုင်းတာလို့ရပါတယ်။တစ်ဦးချင်း အနေနဲ့ပဲ တိုင်းတာလို့ရမယ်လို့ယူဆပါတယ်။
နောက်တစ်ခုက လွတ်လပ်ရေးကိုပဲကြည့်ကြည့် ၊ မြန်မာ့သမိုင်းပဲကြည့်ကြည့်
ပြည်ထောင်စု မြန်မာနိုင်ငံကြီးကိုဗမာလူမျိုးတစ်စုကပဲတည်ထောင်ခဲ့တာမဟုတ်ဘူးဆိုတာ နားလည်လက်ခံဖို့လိုပါတယ်။
လိုရင်းကိုပြောရရင် တိုင်းရင်းသားရင်ကြားစေ့ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး လို့ပြောရင် တိုင်းရင်းသားတွေနဲ့ လက်ဆွဲနူတ်ဆက်ရုံ ၊ တိုင်းရင်းသား ၀တ်စုံတွေ ၀တ်ပြီးလူထုဆက်ဆံရေးနည်းလမ်းတွေနဲ့ လူထုနှလုံးသားကို သိမ်းကြုံးဖို့ မကြိုးစားပါနဲ့တော့ အမှန်တကယ် တိုင်းရင်းသားတွေရဲ့အ ခွင့်အရေးကိုကာကွယ်နိုင်ရုံမက မြန်မာပြည်သူတွေ တိုင်းရင်းသားတွေအပေါ် ကိုယ်ခြင်းစာတရား ထားတတ်အောင် ပညာပေးလုပ်ငန်းတွေလည်း ဆောင်ရွက်သင့်ပါတယ်လို့ပြောကြားလိုပါတယ်။
ရှမ်းနီ သတင်းဌာန
Friday, September 6, 2013
Subscribe to:
Post Comments (Atom)