Monday, September 9, 2013

တိုင်းဧရာစိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ကျည်ဆန် ၉၁ တောင့်တွေ့ရှိ

0 comments

photo for new no 5

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ထုံးဘိုကမ်းနားလမ်းရှိ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ကျည်ဆန် (၉၁)တောင့်တွေ့ရှိခဲ့သည်ဟု တိုင်းစိုက်ပျိုးရေးဦးစီးဋ္ဌာနရုံးမှ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးဝင်းအတွင်းရှိ ပုသိမ်ခရိုင်စိုက်ပျိုးရေးရုံးမှ စိုက်ပျိုးရေးဧည့်ရိပ်သာသို့ သွားသည့် လျှောက်လမ်းပေါ်၌ ကြွပ်ကြွပ်အိတ်အစုတ် အတွင်းမှ(၉)မမစတင်းကျည်ဆန်ပုံစံမပျက် အဟောင်းအပျက် (၈၂)တောင့်နှင့် ထိပ်ဖူးကိုယ်ထည် ထက်ပိုင်းကျိုးနေသည့် ကျည်ဆန်အဟောင်း ကိုးတောင့် စုစုပေါင်း(၉၁) တောင့်ကို တွေ့ရှိသိမ်းဆည်းခဲ့ကြောင်း တိုင်းစိုက်ပျိုးရေးဦးစီးဋ္ဌာနရုံးမှ သိရှိရသည်။
 လမ်းဖို့ဘို့မြေကြီးတွေပုံထားတာတော့ ကြာပြီ။ မနေ့ကဦးတို့ရုံးကို လူကြီးလာဖို့ရှိတာနဲ့မြေကြီးတွေကို ပေါက်တူးနဲ့ ဖဲ့ချခိုင်းတာက နေတွေ့တာ။ မြေဖို့တုန်းကတည်းက လာချပေးတဲ့မြေသယ်ကားတွေကနေ ပါလာတာ ထင်တယ် ဟု ဧရာဝတီတိုင်းဒေသကြီးလယ်ယာစိုက်ပျိုးရေးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ပုသိမ်မြို့ထန်းကုန်းလေး(၅)လမ်းတွင်နေထိုင်သူ ရုံးသန့်ရှင်းရေးဝန်ထမ်းကိုကောင်းမြတ်သူနှင့် အဆိုပါရုံဝင်းအတွင်း နေထိုင်သူ ညစောင့်ဝန်ထမ်းကိုတေဇာအောင်တို့က တွေ့ရှိပြီးပုသိမ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးထံ အကြောင်းကြား ရာမှ ၄င်းကသက်ဆိုင်ရာရဲတပ်ဖွဲ့ထံသို့ အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
အခုလိုတွေ့ရတာ အားလုံးအတွက် ကံကောင်းတယ်၊အဟောင်းဆိုပေမယ့် အပူချိန်၊ဖိအားတစ်ခုခုကြောင့် ပေါက်ကွဲ ရင် အန္တရာယ်ရှိနိုင်တယ်ဟု ပုသိမ်မြို့တွင်နေထိုင်သူ အငြိမ်းစားတပ်ကြပ်ကြီးဦးရဲမြင့်က ပြောသည်။
အဆိုပါကျည်ဆန်အဟောင်းအပျက်များမှာ လွန်ခဲ့သောငါးလခန့်က ခရိုင်စိုက်ပျိုးရေးရုံးဝန်းအတွင်းသို့ ပုသိမ်မြို့၊ အမှတ်(၄)ရပ်ကွက်ရှိ ဈေးချောင်း(ပန်းဆေးချောင်း)ပြန်လည်တူးဖော်သည့်နေရာမှ ထွက်လာသောမြေကြီးများကို လမ်းဖို့ရန် သယ်ယူရာမှ မြေဆွေးများနှင့်အတူပါလာ ဟန်ရှိပြီး စက်တင်ဘာ၇ရက်ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် မြေကြီးအတွင်းမှပေါ်လာခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့ကမှတ်ချက်ပြုထားသည်။
သတင်းပေးပို့ချက်အရတွေ့ရှိသော ကျည်ဆန်(၉၁)တောင့်အား ပုသိမ်မြို့အသည်းကြီး ရဲစခန်းမှနယ်ထိန်း ခေါင်းဆောင် ဒုရဲအုပ်ဇော်မင်းထွန်းက သက်သေများရှေ့၌ရှာဖွေပုံစံဖြင့် ရေးသွင်းသိမ်းဆည်းပြီး ပုသိမ်ခရိုင်ရဲတပ်ဖွဲ့မှူး ရုံးထောက် ဌာနစိတ်(လက်နက်၊ခဲယမ်းဌာနစိတ်)သို့ လွှဲပြောင်းအပ်နှံဆောင်ရွက်သွားမည်ဟု သိရသည်။

မြစ်မခ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here