Monday, September 9, 2013

ဗြိတိန်တပ်က မြန်မာစစ်တပ်ကို ဒီမိုကရက်တစ်အကြောင်း သင်တန်းပေးမယ်

0 comments



မြန်မာနဲ့ အမေရိကန်နိုင်ငံတို့ စစ်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ကြိုးပမ်းနေတဲ့ အချိန်မှာဘဲ ဗြိတိန် စစ်ဘက်ကနေ မြန်မာ စစ်တပ်အရာရှိတွေကို ၂၀၁၄ ခုနှစ်အတွင်း ဒီမိုကရက်တစ်စနစ်အောက်မှာ နေထိုင်တဲ့ တပ်မတော်တွေအကြောင်းနဲ့ ဒီမိုကရက်တစ်စနစ်ရဲ့ တာဝန်ခံမှုအကြောင်းတွေကို သင်တန်းပို့ချမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံရုံးက ဒုတိယအတွင်းဝန် မစ္စတာ ဂျိုးဖရက်ရှာ(Joe Fisher) က ပြောပြပါတယ်။

“၂၀၁၄ ခုနှစ်မှာ စပြီးတော့ ဗြိတိလျ စစ်ဘက်က ဗမာတပ်မတော်ရဲ့ အရာရှိ အချို့တွေအတွက် သင်တန်းတွေ ပေးဖို့ အစီအစဉ် ရှိပါတယ်။ ဆိုတော့လေ့ကျင့်မှု မဟုတ်ဘူး။ ဒါပေမယ့် သင်တန်းပေါ့။ သင်တန်းဆိုတော့ ဥပမာ ဒီမိုကရက်တစ် နိုင်ငံရေး စနစ်အောက်မှာ စစ်တပ်အနေနဲ့ ဘယ်လိုနေတယ်။ နောက်ပြီးတော့ ဒီမိုကရက်တစ် တာဝန်ခံမှု အကြောင်း၊ သင်တန်းတွေ ပေးဖို့ ရှိပါတယ်။ လူ့ အခွင့်အရေး အကြောင်း သင်တန်းတွေ ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီလိုသင်တန်းတွေဟာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ၊ မတ်လောက် စပြီးတော့ ဖြစ်ပါမယ်။”

ဒီလို သင်တန်းတွေ ပေးဖို့ ကိစ္စကို ဇွန်လအတွင်းက ဗြိတိန် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆာ ဒေးဗစ် ရစ်ချတ်စ် (General Sir David Richards)ဟာ မြန်မာနိုင်ငံကို လာရောက်စဉ်ကတည်းက တပ်မတော်အရာရှိကြီးတွေနဲ့ ညှိနှိုင်း သဘောတူခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် သမ္မတဦးသိန်းစိန်ရဲ့ ဇူလိုင်လအတွင်း ဗြိတိန် ခရီးစဉ်မှာလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူထားတယ် လို့ သိရပါတယ်။

တစ်ဆက်တည်းမှာပဲ နှစ်နိုင်ငံဆိုင်ရာ စစ်ရေး ပူးပေါင်းမှုတွေ လုပ်ဆောင်နိုင်ဖို့အတွက် မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန် စစ်သံမှူးဟာ အောက်တိုဘာလမှာ ရောက်ရှိမယ်လို့ ဒုအတွင်းဝန် ဂျိုး ဖရက်ရှာက ဆက်ပြောပါတယ်။

“၁၀ လပိုင်းမှာ စပြီးတော့ ကျွန်တော်တို့ဟာ ဗမာပြည်မှာ အခြေစိုက်မယ့် စစ်သံမှူး တစ်ယောက် အသစ်ရှိပါမယ်။ အဲဒါဟာ ၁၀ လပိုင်းမှာ စဖြစ်မယ်။ စစ်သံမှူးက ရန်ကုန်မှာ အချိန်ပြည့် အခြေစိုက်ပါမယ်”

၁၉၈၈ ခုနှစ် နောက်ပိုင်းကတည်းက အမေရိကန်က မြန်မာနိုင်ငံကို စစ်သံမှူး အဆက်အသွယ် မဖြတ်ခဲ့ပေမယ့် ဗြိတိန် အနေနဲ့တော့ ဥရောပ သမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ မြန်မာနဲ့ စစ်သံမှူး အဆက်အသွယ်ဖြတ်ခဲ့ပြီး ယခုနှစ်မှာ ပြန်လည် စတင်မှာ ဖြစ်ပါတယ်။

ဗြိတိန်အနေနဲ့ ယခုလို စစ်ဘက်ဆိုင်ရာ အကူအညီပေးဖို့တွေ လုပ်ဆောင်နေသလို အမေရိကန်ကလည်း မြန်မာစစ်တပ်ကို အဆင့်မြှင့်တင်ဖို့အကူအညီပေးမယ့်အကြောင်းကို ပြောဆိုခဲ့တယ်လို့ ရေဒီယိုသြစတြေးလျသတင်းထောက် စူးရှက သတင်းပေးပို့ခဲ့ပါတယ်။

ရေဒီယိုသြစတြေးလျ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here