Thursday, September 19, 2013

ဖခင်ဖြစ်သူက သမီးငယ် ဒုက္ခိတဖြစ်မှုအတွက် ဆေးထိုးသော ဆရာဝန်ကို အမှုဖွင့်

0 comments
ရန်ကုန်၊ စက်တင်ဘာ ၁၈

ရွှေပြည်သာမြို့နယ် လိပ်ကုန်း ကျေးရွာတွင် အမျိုးသားတစ်ဦးသည် အဖျားဝေဒနာ ခံစားနေရသော အသက်လေးနှစ်အရွယ် သမီးဖြစ်သူကို ဆေးခန်း၌ ကုသစဉ် ဆရာဝန်က ဆေးထိုးမှားသဖြင့် ဘယ်ဘက်ခြေ ထောက်အောက်ပိုင်းမှာ သိမ်ဝင်သွားကာ လမ်းမလျှောက်နိုင်တော့သည့် ဒုက္ခိတဘဝ ရောက်ခဲ့သည်ဟု ဆိုကာ ဆေးခန်းပိုင်ရှင် ဆရာဝန်ကို စက်တင်ဘာလ ၁၇ ရက်နေ့က အမှုဖွင့် တိုင်တန်းထားကြောင်း လှော်ကားနယ်မြေ ရဲစခန်းတွင် အရာရှိတစ်ဦးက ပြောကြားသည်။ 

ရွှေပြည်သာမြို့နယ် လိပ်ကုန်း ကျေးရွာတွင် ယခုနစ် ဧပြီလ ၇ ရက်နေ့က လိပ်ကုန်းကျေးရွာနေ အသက်လေးနှစ် အရွယ်ရှိ သမီးဖြစ်သူ မပြည့်စုံသည် ကိုယ်ပူကာ ဖျားနာနေသောကြောင့် ယင်းမြို့နယ် (၁၄) ရပ်ကွက်ရှိ အောင်သစ္စာ ဆေးခန်းသို့ လာရောက် ကုသခဲ့ရာ အသက် ၇၅ နှစ် အရွယ်ရှိ အမျိုးသမီးဆရာဝန် ဒေါက်တာမိုလီဟာမက်က ကလေးငယ်၏ ညာဘက်တင်ပါးတွင် ဆေးတစ်လုံး ထိုးပေးခဲ့ပြီး အိမ်ပြန်အရောက်တွင် ကလေးငယ်မှာ လမ်းလျှောက်၍ မရတော့ကြောင်း ယင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဌေးဝင်းက ပြောကြားသည်။

အဆိုပါ ဆေးခန်းသို့ သုံးရက်ဆက်တိုက် ပြသခဲ့သော်လည်း သက်သာမှု မရှိသဖြင့် ဒေါက်တာ မိုလီဟာမက်က ရန်ကုန် ကလေးဆေးရုံကြီးသို့ သွားရောက် ကုသရန် ပြောကြားခဲ့ရာ ဆေးရုံတွင် ကုသခဲ့သော်လည်း ကလေးငယ်၏ ဘယ်ဘက်ခြေထောက် အောက်ပိုင်းမှာ သိမ်ဝင်သွားကာ လမ်းမလျှောက်နိုင်တော့သည့် ဒုက္ခိတဘဝ ရောက်ခဲ့သောကြောင့် ဖခင်ဖြစ်သူက ၎င်းဆရာဝန်ကို အမှုဖွင့် တိုင်ကြားခြင်း ဖြစ်ကြောင်း ယင်းအုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

ကလေးက ဆေးခန်းသို့ ရောက်ရှိလာစဉ် အဖျားကျဆေး ၁ စီစီကိုသာ ညာဘက်တင်ပါးသို့ ထိုးပေးခဲ့ပြီး ယခုသိမ်ဝင်ခဲ့သော ခြေထောက်သည် ဘယ်ဘက်သာ ဖြစ်ကြောင်း၊ ကလေးငယ်၏ ဆေးကုသစရိတ် လိုအပ်သောကြောင့် လည်းကောင်း ကလေး၏ မိဘများက ချို့တဲ့သောကြောင့် လည်းကောင်း ငွေကျပ်ကိုးသိန်းကို ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ထောက်ပံ့ လှူဒါန်းခဲ့ကြောင်း၊ ဆေးထိုးမှားသည်ဟု ဆိုသည်မှာ မဟုတ်မှန်ကြောင်း အမှုဖွင့်ခံရသည့် လုပ်သက်နှစ် ၄၀ ကျော်ကြာ ဆေးကုသခဲ့သော အောင်သစ္စာ ဆေးခန်းပိုင်ရှင် အမျိုးသမီးဆရာဝန် ဒေါက်တာမိုလီဟာမက်က ပြောကြားသည်။ 

ဆေးကုသမှု စရိတ်သည် ငွေကျပ် ကိုးသိန်းမက ကုန်ကျခဲ့သည့်အပြင် သမီးဖြစ်သူသည် ဒုက္ခိတဘဝ ရောက်ခဲ့သောကြောင့် ကလေးငယ်၏ ဖခင်ဖြစ်သူ ဦးမောင်ဇော်က တရားလိုပြုကာ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း လှော်ကားနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

အောင်သစ္စာ ဆေးခန်းသည် ဆေးကုသစရိတ် သက်သာသောကြောင့် (၁၄) ရပ်ကွက်တွင် နေထိုင်သူများနှင့် လိပ်ကုန်းကျေးရွာရှိ နေထိုင်မကောင်းသူများ အားထားကုသလျက်ရှိသော ဆေးခန်း ဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများထံမှ သိရှိရသည်။

အဆိုပါ အမှုကို (ပ) ၂၈၂/၁၃၊ ပုဒ်မ ၃၃၈ ဖြင့် အမှုဖွင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here