Monday, September 9, 2013

ယခုနှစ်အတွင်း ကိုယ့်ကိုယ်ကိုယ် သေကြောင်း ကြံစည်မှုများ များပြားလာပြီး ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာ

0 comments


8.1.1
စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ်တွင် အသည်းကင်ဆာ ခံစားနေရသူ အမျိုးသားတစ်ဦး ဆွဲကြိုးချသေဆုံးသည့် နေရာအား မိသားစုဝင် တစ်ဦးက ပြနေစဉ်
မြန်မာနိုင်ငံ၌ ယခုနှစ်အတွင်း မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်စဉ်များ အများအပြား ဖြစ်ပွားလာပြီး ယင်းကဲ့သို့ အဆုံးစီရင်မှုတွင် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များလည်း ပါဝင်လာကြောင်း သိရသည်။
မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု ဖြစ်စဉ်အများစုမှာ ဆွဲကြိုးချ သေဆုံးခြင်း၊ အဆိပ်သောက် သေဆုံးခြင်း၊ တိုက်ပေါ်မှ ခုန်ချခြင်း၊ ဓားဖြင့်ထိုးခြင်း၊ ရေထဲခုန်ချခြင်း စသည့် ပုံသဏ္ဌာန် အမျိုးမျိုးဖြင့် သေကြောင်း ကြံစည်မှုများ ပြုလုပ်နေကြောင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအရ သိရသည်။
မိမိကိုယ်ကိုယ် သေကြောင်း ကြံစည်မှု ဖြစ်စဉ်များအနက် ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်များ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အချို့မှာ စက်တင်ဘာ ၁ ရက်နေ့ ညပိုင်းက သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှ အသက် ၅၂ နှစ်အရွယ် ကထိက တစ်ဦးမှာ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်(၅)ရပ်ကွက်၊ ရွှေအုန်းပင် အိမ်ရာရှိ နေအိမ်တွင် အမြင့်ရှစ်ပေရှိ ထုပ်တန်းမှ လုံးပတ်ငါးမူးခန့် ရှိသည့် နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချ သတ်သေမှု ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အထက်ပါ ဖြစ်စဉ်နှင့် ပတ်သက် ၍ ရန်ကင်းမြို့မ ရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဇော်ဇော်က ''အဲဒီ ဆရာက တက္ကသိုလ်ဝင်တန်း ဖြေတုန်းက ဂုဏ်ထူးငါးဘာသာနဲ့ အောင်ခဲ့တယ်။ ဒါပေမယ့် အမှတ်ပေါင်းက ဆေးတက္ကသိုလ်တက်ဖို့ မမှီခဲ့လို့ သွားဘက်ဆိုင်ရာ တက္ကသိုလ်ပဲ တက်ခဲ့ရတယ်။ ဒီစိတ်တစ်ခုနဲ့ စိတ်ကျရောဂါ စွဲကပ်ပြီးတော့ နောက်ဆုံး ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ အခုစစ်ဆေးချက်အရ အကြမ်းဖျင်း သုံးသပ်ထားပါတယ်။ ဒါပေမဲ့ ဆက်လက် စစ်ဆေးနေပါတယ်'' ဟု စက်တင်ဘာ ၇ ရက် ညနေပိုင်းက ပြောကြားသည်။
ပညာတတ် အသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့ မိမိကိုယ်ကိုယ်မိမိ သတ်သေရခြင်းနှင့် ပတ်သက်၍ ရန်ကင်းမြို့မ ရဲစခန်းမှူးက ဆက်လက်၍ ''ကျွန်တော့်အနေနဲ့ သုံးသပ်ရရင်တော့ စီးပွားရေး မပြေလည်မှုတွေ၊ လိုအင်ဆန္ဒ မပြည့်ဝမှုတွေ၊ တစ်ယောက်တည်း နေထိုင်ပြီး မိသားစုဘ၀ မရှိဘဲ ပြန်လည်ဖေးမမှု မရှိတဲ့ သူတွေမှာ ဒီလိုဖြစ်စဉ်တွေ ဖြစ်နေတာကို တွေ့ရတယ်။ ရဲတပ်ကြပ် တစ်ဦးကလည်း အရင်လတုန်းက စီးပွားရေး အဆင်မပြေလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့ ဖြစ်စဉ်လည်း ရှိခဲ့ဖူးတယ်'' ဟု သုံးသပ် ပြောကြားသည်။
၂၀၁၃ ခုနှစ် စက်တင်ဘာ ၅ ရက်က သာကေတမြို့နယ် မာန်ပြေ ၃ ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အသက် ၅၀ အရွယ်ရှိ အမျိုးသား တစ်ဦးမှာ အသည်းကင်ဆာ ဖြစ်ပွားမှုကြောင့် နေအိမ်တွင် တစ်ဦးတည်း ရှိနေခိုက်၌ ဆွဲကြိုးချ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သေဆုံးသွားသူ၏ ညီဖြစ်သူ ကိုဝင်းနိုင်က ''ကျွန်တော့်အစ်ကို အသည်းကင်ဆာ ဖြစ်တာက လွန်ခဲ့တဲ့ နှစ်နှစ်ကတည်းကလို့ ပြောလို့ရတယ်။ သူကျန်းမာရေး အခြေအနေကြောင့် ငွေကတော့ တော်တော်ကုန်ခဲ့တယ်။ အိမ်ဂရန် ပေါင်ရတဲ့အထိ ဖြစ်ခဲ့ပါတယ်။ အဲဒီအတွက်လည်း သူစိတ်မကောင်းဖြစ်လို့ ဒီလိုလုပ်ရပ်မျိုး လုပ်ခဲ့တယ်လို့လည်း ထင်ပါတယ်'' ဟု ဆိုသည်။
ယင်းဖြစ်စဉ်ကို သာကေတ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၃/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စစ်ဆေးလျက် ရှိကြောင်း သိရသည်။
ပြည်တွင်း၌ မိမိကိုယ်ကိုယ်မိမိ အဆုံးစီရင်မှု များပြားလာခြင်းနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးမြင့်အေးက ''ဒီလိုဖြစ်စဉ်တွေမှာ ဖြစ်လာတာ မကောင်းဘူးလို့ မြင်တယ်။ လူတစ်ယောက်ရဲ့ အနေအထားက ဖြစ်တည်လာဖို့ဆိုတာ ဘာသာရေးအရ ကြည့်မယ်ဆိုရင် အင်မတန် ရခဲပါတယ်။ နောက်ပြီး ကျွန်တော့် ခရိုင်ထဲမှာ ဆိုရင် ဆရာဝန်တွေက ကိုယ့်ကိုယ်ကိုယ် သတ်သေခဲ့တယ်။ ဒီဖြစ်စဉ်တွေက ဘာကြောင့် အဖြစ်များလာတာလဲ ဆိုတာကလည်း ပြောဖို့ အင်မတန်ခက်တဲ့ အနေအထားပါ'' ဟု ပြောကြားသည်။

ပြောင်းလဲလာတဲ့ လူမှုစီးပွားရေး အခြေအနေတွေကြောင့် စိတ်ရောဂါတွေ အဖြစ်များလာပါတယ်။ စားဝတ်နေရေး အတွက် လူတွေက အရင်ကထက် ပိုရုန်းကန်နေရတယ်။ အရင်က မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးရဲ့ လုပ်စာတစ်ခုတည်းနဲ့ လုံလောက်ပေမယ့် အခုခေတ်မှာ မိသားစု တစ်စုလုံးနီးပါး အလုပ်လုပ်ရတယ်...


ထို့ပြင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ဘော်ဒါဆောင် တစ်ခုတွင် ရတနာပုံ နည်းပညာ တက္ကသိုလ် ကျောင်းသားတစ်ဦးမှ ၂၀၁၃ ခုနှစ် ဇူလိုင် ၂၅ ရက် ညနေပိုင်းက နိုင်လွန်ကြိုးဖြင့် ဆွဲကြိုးချ သေဆုံးခဲ့ကြောင်း သိရသည်။
ကြိုးဆွဲချ သေဆုံးခဲ့သူသည် ၀ါဆိုလပြည့် ကျောင်းပိတ်ရက်နေ အိမ်မှ ပြန်လာစဉ် အခြားမည်သူနှင့်မှ စကားပြောဆိုခြင်း မရှိဘဲ အခင်းဖြစ်နေ့တွင် ကျောင်းမတက်ဘဲ အခန်းတံခါးအား ပိတ်ထားသောကြောင့် သူငယ်ချင်းဖြစ်သူက ကျောင်းမှအပြန် သတိထားမိပြီး အခန်းတံခါးအား ဖွင့်ကြည့်ရာမှ ဆွဲကြိုးချ သေဆုံးနေသည်ကို တွေ့ရှိရကြောင်း သိရသည်။
သေဆုံးသူ၏ အခန်းတွင်းမှ လက်ရေးမူဖြင့် ရေးသားထားသည့် မှုခင်းဇာတ်လမ်း စာအုပ်နှစ်အုပ်အား တွေ့ရှိခဲ့ရပြီး သေဆုံးသူသည် ပတ်ဝန်းကျင်ဖြင့် ပြဿနာ တစ်စုံတစ်ရာ မဖြစ်ပွားဖူးကြောင်း ရဲစစ်ချက်အရ သိရသည်။
စိတ်ကျန်းမာရေး ဆေးရုံကြီး (ရန်ကုန်)မှ ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စိုးက ''ဆေးရုံကိုလာပြီး ဆေးကုသမှု ခံယူနေရတဲ့ လူနာအများစုက ပြဿနာ အကြောင်းရင်း တစ်ခုတည်းနဲ့ လာတာရှားတယ်။ အကြောင်းရင်း ပေါင်းစုံနဲ့ ရောက်လာတာ များပါတယ်။ ဥပမာ-ကင်ဆာရောဂါ ခံစားနေရတဲ့သူ တစ်ယောက်က အိမ်ထောင်ဦးစီး ဖြစ်နေမယ်ဆိုရင် သူ့မိသားစု အရေးကို ပူပန်ရတာနဲ့ နောက်ဆက်တွဲ စိတ်ကျရောဂါ ဖြစ်လာမယ်။ ဖြစ်လာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေ မနေရင် စိတ်ကျရောဂါ ဖြစ်မှာပဲ။ အချို့တွေကတော့ ဆေးရုံမရောက်ဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာ တွေရှိတယ်။ ပြောင်းလဲလာတဲ့ လူမှုစီးပွားရေး အခြေအနေတွေကြောင့် စိတ်ရောဂါတွေ အဖြစ်များလာပါတယ်။ စားဝတ်နေရေး အတွက် လူတွေက အရင်ကထက် ပိုရုန်းကန်နေရတယ်။ အရင်က မိသားစုတစ်စုမှာ အိမ်ထောင်ဦးစီးရဲ့ လုပ်စာတစ်ခုတည်းနဲ့ လုံလောက်ပေမယ့် အခုခေတ်မှာ မိသားစု တစ်စုလုံးနီးပါး အလုပ်လုပ်ရတယ်'' ဟု ဇူလိုင်လ အတွင်းက သုံးသပ် ပြောကြားခဲ့သည်။
ထို့ပြင် ရန်ကုန်တိုင်း ဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ ဆေးတက္ကသိုလ် ၂ တွင် ကထိက တာဝန် ထမ်းဆောင်နေသည့် အသက် ၄၀ နှစ်အရွယ် အတိုင်ပင်ခံ ခွဲစိတ်အထူးကု ဆရာဝန်ကြီး တစ်ဦးသည် စက်တင်ဘာ ၃ ရက်က ၎င်းနေထိုင်ရာ နေအိမ်အတွင်း ခုတင်ဘေး ကြမ်းပြင်တွင် လက်ကောက်ဝတ် နေရာ၌ ဆေးထိုးအပ် တန်းလန်းဖြင့် ပြင်ပဒဏ်ရာ မတွေ့ရှိဘဲ သေဆုံးခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ သေဆုံးမှုမှာ မိမိကိုယ်ကိုယ် မိမိသတ်သေသည်ဟု ကနဦး စစ်ဆေးချက်အရ အတည်ပြုထားပြီး မည်သို့သောနည်းဖြင့် သတ်သေခဲ့သည်ကို စစ်ဆေးနေဆဲ ဖြစ်ကြောင်း အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးထံမှ သိရသည်။
ရန်ကုန်တိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်အသီးသီးတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှုမှာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလမှ ဇွန်လအထိ အမှုပေါင်း ၇၆ မှု ရှိကြောင်း သိရသည်။
၂၀၁၁ ခုနှစ်တွင် ဆွဲကြိုးချသေဆုံးမှု ၁၁၂ မှု၊ ၂၀၁၂ ခုနှစ်တွင် ၁၂၁ မှု ရှိခဲ့ကြောင်း သိရပြီး ကိုယ့်ကိုယ်ကိုယ် ဆွဲကြိုးချ သေဆုံးမှုမှာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာကြောင်းနှင့် ထိုသို့ မိမိကိုယ်ကိုယ် သက်သေသူများမှာ စိတ်ကယောင်ချောက်ချား ဖြစ်သူများ၊ ကုသ၍ မရသော ရောဂါရှင်များ၊ စီးပွားရေးလုပ်ငန်း မပြေလည်များ၊ စိတ်ကျ ဝေဒနာ ခံစားနေရသူများ ဖြစ်ကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

EMG

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here