Thursday, September 19, 2013

တောင်ကုတ် ထောင်ချခံ ဆန္ဒဖေါ်ထုတ်သူ (၃) ဦး ဒေသခံများ ၀ိုင်းဝန်း ပံ့ပိုး

0 comments


19.9.2013


ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ခွင့်ပြုချက်မရဘဲ ဆန္ဒ ဖေါ်ထုတ်ပွဲ ပြုလုပ်သည့်အတွက် ထောင်ချ ခံရသူ (၃) ဦးကို သံတွဲ ဒေသခံများက လိုလေသေးမရှိ ကူညီ ပံ့ပိုးပေးထားကြောင်း သံတွဲ လူမူကွန်ယက်မှ ကိုစိန်ချစ်က ပြောသည်။

“ တောင်ကုတ်က လူတွေတောင် လာစရာ မလိုပါဘူး။ လိုအပ်တာတွေကို ကျွန်တော်တို့ သံတွဲ ဒေသခံတွေက လိုလေသေး မရှိ ကူညီ ပံ့ပိုးထားပါတယ်။ တစ်နေ့ကို နှစ်ကြိမ်နုန်းနဲ့ သွားတွေ့ပြီး အစစအရာရာ ကူညီပေးနေပါတယ်” ဟု ၎င်းက ပြောသည်။


၎င်းပြင် သူတို့၏ ကျန်းမာရေးမှာလည်းကောင်းကြောင်း၊ တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ဆောင်ရွက်၍ ထောင်ချခံရခြင်း ဖြစ်သဖြင့် ၀မ်းနည်းစရာလုပ်ရပ်ဟု မမြင်ကြောင်း သူက ဆက်ပြောဆိုသည်။
ထောင်ချခံရသူများမှာ တောင်ကုတ် လူငယ်ကွန်ယက်မှ ကိုစိုးဝင်း၊ ကိုသန်းလွင်စိုးနှင့် ကိုမင်းထွန်း (ကိုသံလုံး) တို့ ဖြစ်ကြသည်။ သူတို့အား ယခုလ ၁၃ ရက်နေ့က တောင်ကုတ်မြို့နယ် တရားရုံးက ငြိမ်းချမ်း စီတန်းလှည့်လည်မူ ပုဒ်မ ၁၈ နှင့် ထောင် ၃လ ချမှတ်ခဲ့သည်။


 ရခိုင်ပြည်နယ်ရှိ ဘင်္ဂလီ ဒုက္ခသည်များအား ၁၉၈၂ ခုနှစ် နိုင်ငံသား ဖြစ်မူ အက်ဥပဒေအရ စိစစ်ပြီး လုံးချင်းအိမ်ယာများ ဆောက်လုပ်ပေးရန် တောင်းဆို ဆန္ဒပြပွဲကို တောင်ကုတ်မြို့တွင် မတ်လ ၂၃ ရက်နေ့က ခွင့်ပြုချက် မရဘဲ ပြုလုပ်ခဲ့ရာ သူတို့ သုံးဦးအား ဦးဆောင်သူများ ဖြစ်သည်ဟု ဆိုကာ တောင်ကုတ်ရဲ တရားလို လုပ်ကာ တရားစွဲဆိုခဲ့သည်။


 သူတို့ (၃) ဦး ထောင်ချခံရခြင်းနှင့် ပတ်သက်ပြီး ကိုစိန်ချစ်က သူ့အမြင်ကို ယခုလို ပြောသည်။
“ ကျွန်တော်တို့ ပြောချင်တာက တရားရေး မဏ္ဍိုင်အထက်မှာ အုပ်ချုပ်ရေး မဏ္ဍိုင်များ ရှိနေသလားလို့ သံသယ ဖြစ်မိတာပါ။ တရားသူကြီးကို အထက်က ညွှန်ကြားနေတဲ့ သူ တစ်ဦးဦး ရှိတယ်လို့ ကျွန်တော်တို့က သံသယ ဖြစ်မိပါတယ်။ သူတို့ ထောင်ချခံရတာနဲ့ ပတ်သက်ပြီး ဒီတစ်ခုတော့ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။


 အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်သူ ကိုမင်းအောင်က ဆန္ဒဖေါ်ထုတ်ပွဲ လုပ်ရန် သူတို့အနေဖြင့် တောင်ကုတ်မြို့နယ် ရဲမှူးကြီး၊ သံတွဲခရိုင်ရဲမှူးကြီးထံသို့ အနည်းဆုံး နှစ်ကြိမ်ထက် မနည်း ခွင့်ပြုချက် တောင်းခံခဲ့သည်ဟု ဆိုသည်။
“ သူတို့က ခွင့်ပြုချက်တင်ပါတယ်။ ခွင့်ပြုချက်ကျမလာဘူး။ ဘာကြောင့် ကျမလာလည်းဆိုတာတော့ မပြောတတ်ဘူး။ ဆန္ဒပြကြတော့ နောက်ဆုံး သူတို့ သုံးဦး တရားစွဲခံရပြီး ထောင်ချခံကြရတာပါ” ဟု ပြောသည်။


 သူတို့အား တောင်ကုတ်မြို့နယ် တရားရုံးမှ ထောင် (၃) လ ချမှတ်ပြီးနောက် လက်ထိပ်ခတ်ကာ ချက်ချင်း သံတွဲကို ယူဆောင်သွားခဲ့သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်တွင် လက်ရှိ အချိန်ထိ ဆန္ဒဖေါ်ထုတ်၍ ထောင်ချခံရသူ (၇) ဦးထိရှိလာပြီး သူတို့မှာ တောင်ကုတ်မှ (၃) ဦးနှင့် ကျောက်တော်မှ (၄) ဦးတို့ ဖြစ်ကြသည်။ သူတို့ (၇)ဦးသည် လက်ရှိ ဒီမိုကရေစီ လမ်းကြောင်းသို့ ချီတက်နေသော အစိုးရ လက်ထက်တွင် သူတို့၏ လိုလားချက်များကို ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်၍ ရခိုင်ပြည်နယ်တွင် ပထမဆုံး ထောင်ချခံရသူများ ဖြစ်ကြသည်ဟု သိရသည်။


နိရဉ္စရာ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here