Monday, September 16, 2013

ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာတွင် မိုးကြိုးပစ်မှုကြောင့် ကျောင်းသူသုံးဦး သေဆုံးပြီး ၂၀ ကျော် ဆေးရုံတက်ခဲ့ရ

0 comments

16.09.2013
ဟုမ္မလင်းမြို့နယ် နားမော်ကျေးရွာ စာသင်ကျောင်းမကြီးအား စက်တင်ဘာ ၁၄ ရက် ညနေ ၃ နာရီ ၁၅ မိနစ် ၀န်းကျင်ခန့်က မိုးကြိုးပစ်မှုကြောင့် သုံးဦးသေဆုံးခဲ့ပြီး ကျောင်းသူ၊ ကျောင်းသား ၂၀ ဦးခန့် နောင်ပိုအောင်ကျေးရွာ ဆေးရုံ၌ ဆေးကုသခဲ့ရသည်ဟု သိရသည်။

"မိုးကြိုးအပစ်ခံရတဲ့ ကလေးတွေက နားမော်ရွာက ငါးတန်းကျောင်းသူတစ်ယောက်၊ ခြောက်တန်းကျောင်းသူတစ်ယောက်၊ နောင်ကံကောင်းကျေးရွာမှ ငါးတန်းကျောင်းသူတစ်ဦး စုစုပေါင်း သုံးဦးပါ။ တခြားကလေးတွေက အကြောတွ နာကျင်တယ်ဆိုပြီး ဆေးရုံတက်ရောက် ခဲ့ကြတာပါ။
ဆေးရုံတက်တဲ့ ကလေးတွေက အကုန်သက်သာကြပါတယ်။ ကလေးတွေ တော်တော်ကြောက်သွားတယ်" ဟု နောင်ပိုအောင်ဆေးရုံသို့ သွားရောက်ခဲ့သူ ကိုအောင်စိုးက ပြောကြားသည်။

အဆိုပါ အခင်းဖြစ်ပွားရာသို့ မြို့နယ်၊ ခရိုင်အဆင့် အုပ်ချုပ်ရေး တာဝန်ရှိသူများ၊ ပညာရေးမှူးများ၊ မြို့နယ်အထောက်အကူပြု အဖွဲ့များ သွားရောက်ကူညီ ပေးခဲ့သည်ဟု သိရသည်။ "အဲဒီကျောင်းမှာ အရင်နှစ်ကလည်း ကျောင်းအိမ်သာကို မိုးကြိုးပစ်တာ ရှိခဲ့ဖူးတယ်။ ကျောင်းကို မိုးကြိုးလွှဲတပ်ဆင်ဖို့ စီစဉ်နေပါတယ်။ ဒီနယ်မှာရှိတဲ့ တခြားကျောင်းတွေကိုလည်း လုပ်ပေးသင့်ပါတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအေးကပြောကြားသည်။

အဆိုပါ နှစ်ထပ်ကျောင်းဆောင် ပတ်ဝန်းကျင်တွင် အပင်ကြီးများ မရှိဘဲ ကျောင်းမှာ လွင်တီးခေါင်တွင် ရှိနေပြီး ကျောင်း၏၀ရန်တာကို စတင်မိုးကြိုးပစ်ရာမှ ရေသောက်နေသော ကျောင်းသူတစ်ဦး မိုးကြိုးထိမှန်ပြီး စာသင်ခန်းအတွင်းသို့ မိုးကြိုးဝင်ရောက်ခဲ့ကာ မိုးကြိုးပစ်ချိန်တွင် မိုးရွာသွန်းခြင်း မရှိဟု သိရသည်။

"ဒီဒေသမှာ မကြာခဏ မိုးကြိုးပစ်တာ ခဏခဏ ကြုံရပေမယ့် ကျွန်တော်တို့နေခဲ့တဲ့ သက်တမ်းတစ်လျှောက်မှာ အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုပါ။ မနေ့ညနေပိုင်းက နောင်ပိုအောင် ဆေးရုံမှာ နားမော်ရွာကလူတွေ အကူအညီ ပေးတဲ့သူတွေ အပြည့်ပဲ။ ကျွန်တော်တို့လည်း စိတ်မကောင်းဘူး။ ကျောင်းမှာ ဒီနေ့ သူတို့ကျောင်းရဲ့ ပွဲတစ်ပွဲရှိတယ်။ အခုတော့ စိတ်မကောင်းစရာတွေနဲ့ ကြုံတွေ့ခဲ့ရပြီပါ့။ မိုးကြိုးအန္တရာယ်အကြောင်း အသိပညာ ပေးသင့်နေပါပြီ" ဟု နောင်ပိုအောင်ကျေးရွာမှ ကိုမျိုးဇော်က ပြောကြားသည်။ နားမော်ကျေးရွာသည် ဟုမ္မလင်းမြို့နယ် မာန်ဟုန်အုပ်စုအတွင်းတွင် တည်ရှိပြီး နောင်ပိုအောင်ကျေးရွာမှ မိနစ် ၂၀ ခန့် ဆိုင်ကယ်စီး၍ သွားရကာ လူနာများကို အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းမှကားဖြင့် နောင်ပိုအောင် ဆေးရုံသို့ ပို့ဆောင်ခဲ့သည်ဟု သိရသည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here