လက်ရှိကျွန်မတို့ တိုင်းပြည်ရဲ့ အနေအထားနဲ့ အခြေအနေအရ လူမှုအဖွဲ့အစည်းတွေ အားကောင်းဖို့ လိုတယ် ဆိုတာကို မိတ်ဆွေတွေနဲ့တွေ့ပြီး စကားပြောဖြစ်တိုင်း ဆွေးနွေးဖြစ်ကြတယ်။
ယနေ့ခေတ်နိုင်ငံရေးကို စိတ်ဝင်စားတဲ့ ကျွန်မတို့အရွယ်တွေ (အသက် ၄၀ ၀န်းကျင်တွေ)ကျွန်မတို့ရဲ့ အကိုကြီး အမကြီးတွေလို့ ပြောလို့ရတဲ့ (၄၀ ကျော် ၅၀ ၀န်းကျင်တွေ)နဲ့ ကျမတို့ထက် အသက်နည်းနည်းသာ ငယ်တဲ့ လူလတ်ပိုင်း မဖြစ်တဖြစ်(အသက် ၃၀ ၀န်းကျင်တွေနဲ့ ၃၀ ကျော်စ) အရွယ်တွေမှာ လမ်းကြောင်းနှစ်မျိုးနဲ့ နိုင်ငံ ရေးလုပ်လာကြတာ တွေ့ရပါတယ်။
လမ်းကြောင်းတစ်ခုကတော့ ပါတီနိုင်ငံရေးဖြစ်ပြီး အဲဒီလမ်းကြောင်းကနေ ဥပဒေပြုရေးဘက်ကို သွားကြပါတယ်။ နောက်လမ်းကြောင်းတစ်ခုကတော့ အမျိုးသားနိုင်ငံရေးလို့ပဲ ပြောရမလား၊ ပြည်သူလူထုနဲ့တစ်သားတည်းနေပြီး ရပ်ရွာအခြေပြု အဖွဲ့အစည်းတွေအနေနဲ့ နိုင်ငံရေးလုပ်ပါတယ်။
ကျွန်မအမြင်မှာတော့ ပါတီနိုင်ငံရေးဟာလည်း ဥပဒေပြုရေးကိစ္စရပ်တွေဟာ တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေး အတွက် သာမကတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း အရေးကြီးတယ်လို့ လက်ခံထားတဲ့အတွက် အရေးကြီး တယ်လို့ မြင်မိပါတယ်။
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းတွေမှာ ပြည်သူတွေရဲ့ အသိပညာကို မြှင့်တင်ပေးရေးကလည်း အဓိကကျတဲ့အတွက် ပြည်သူတွေရဲ့ အသိပညာဉာဏ်ရှိဖို့ တိုးတက်ဖို့ကို ရပ်ရွာအခြေပြု လူမှုရေးအဖွဲ့အစည်းတွေက လုပ်ပေးနိုင်တယ်၊ လုပ်ပေးသင့်ပါတယ်။
ပြည်သူတွေ အသိပညာရှိမှ အသိပညာရှိတဲ့ အစိုးရမျိုးကို ပြည်သူတွေက ရွေးချယ်နိုင်မှာဆိုတဲ့ အမြင်နဲ့ ရပ်ရွာ အခြေပြု အဖွဲ့အစည်းတွေကလည်း ကျွန်မတို့တိုင်းပြည်အတွက် အရေးကြီးလှပါတယ်လို့ မြင်မိပါတယ်။
တကယ်လည်း ၂၀၀၇ ခုနှစ်နောက်ပိုင်း ၂၀၀၈ နာဂစ်အပြီးမှာ ရပ်ရွာအခြေပြုလူမှုရေးအဖွဲ့အစည်းတွေက အသီးသီး ပေါ်လာကြတာကို တွေ့ရပါတယ်။ Capacity Building ဆိုတဲ့ စကားလုံးကို တွင်တွင်သုံးပြီး ၊ ပြည်သူတွေရဲ့ အသိ ပညာကို မြှင့်တင်ပေးနိုင်မယ့် လူမှုအဖွဲ့အစည်းတွေ အားကောင်းဖို့လိုတယ်ဆိုတာကို လက်ခံပြီး ခေတ်ပညာတတ် လူငယ်၊ လူရွယ်နဲ့ လူကြီးတွေက လူမှုအဖွဲ့အစည်းတွေနဲ့ လူမှုအဖွဲ့အစည်း တိုးတက်ရေး လုပ်ငန်းတွေကို ကျယ် ကျယ်ပြန့်ပြန်ဆောင်ရွက်လာကြတာလည်း မျက်စိအောက်မှာ မြင်တွေ့လာရပါတယ်။
ကျွန်မအနေနဲ့လည်း ရပ်ရွာအခြေပြုလူမှုရေးအဖွဲ့အစည်းတိုင်းကို စိတ်ဝင်စားစွာနဲ့ အားပေးစောင့်ကြည့်ပါတယ်။ ဒီနေရာမှာ အားမလိုအားမရ ဖြစ်မိတာတွေလည်း ရှိပါတယ်။
လက်ရှိ ဆောင်ရွက်နေကြတဲ့ ရပ်ရွာအခြေပြုလူမှုရေးအဖွဲ့အစည်းတွေမှာ အဖွဲ့အစည်းရည်မှန်းချက် တိတိကျကျ မရှိသေးတာတွေ၊ လုပ်ထုံးလုပ်နည်း သတ်မှတ်ချက် မရှိဘဲနဲ့ ကြုံသလို လုပ်ကိုင်နေကြတာတွေလည်း တွေ့လာ ရပါတယ်။
ဒါ့အပြင် ဘဏ္ဍာရေးကိစ္စတွေမှာလည်း စနစ်တကျ စည်းမျဉ်းတွေရှိပေမယ့် လုပ်ထုံးလုပ်နည်းတွေကို လိုက်နာမှု မရှိဘဲ သုံးစွဲတာတွေ တွေ့လာရတဲ့အပြင် ၀င်ငွေနဲ့ အသုံးစရိတ်တွေကို အများမြင်သာအောင် တစ်နည်းပြောရရင် အလှူရှင် တွေအနေနဲ့ သူတို့ရဲ့ပိုက်ဆံတွေနဲ့ပတ်သက်ပြီး သံသယစိတ်ကင်းကင်းနဲ့ စိတ်ရှင်းရှင်းလှူဒါန်းမှု ဖြစ်မြောက်စေဖို့ အတွက် စနစ်ကျမှု လိုအပ်နေတာတွေလည်း တွေ့လာရပါတယ်။
ဒါ့အပြင် စိတ်ထိခိုက်ဖို့ ကောင်းတာကတော့ အလုပ်မရှိလို့ ပုံမှန်ဝင်ငွေ တစ်ခု ရရှိဖို့အတွက် NGO လုပ်ပြီး ပိုက်ဆံ ရှာလာကြတာလည်း တွေ့ရပါတယ်။ ပိုက်ဆံ ဘယ်လောက်ကျန်ရမယ်ဆိုတဲ့ တွက်ချက်မှုတွေနဲ့ ရပ်ရွာအခြေပြု လူမှုရေးအဖွဲ့အစည်းအမည်ခံပြီး လုပ်နေကြတာကိုလည်း တွေ့မြင်လာရပါတယ်။
တကယ် စိတ်စေတနာကောင်းကောင်းနဲ့ ကိုယ်ကျိုးစီးပွားလုံးဝမပါဘဲ လုပ်နေတဲ့ သူတွေလည်း ရှိပါတယ်။
လက်ရှိတွေ့မြင်နေရတဲ့ ရပ်ရွာအခြေပြုလူမှုရေးအဖွဲ့အစည်းတွေထဲမှာ ပုံမှန်ဝင်ငွေ ရဖို့ ဘယ်သူ့ဆီက ဘယ်လောက် ရရဆိုပြီး အလှူရှင်တွေ ဆီကသာမက၊ဆင်းရဲသား ပြည်သူလူထုတွေဆီကပါ တစ်ပြားခွာ နှစ်ပြားခွာပြီး ပြည်သူ့အကျိုးပြုရေး ဆောင်ရွက်အမည်ခံပြီး လုပ်နေကြတာကတော့ စိတ်ထိခိုက်ဖို့ ကောင်းတဲ့ အပြင် အမှန် တကယ် ပြည်သူ့အကျိုးပြုရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကို ထိခိုက်စေပါတယ်။
ကျွန်မတို့တိုင်းပြည်ရဲ့ ရပ်ရွာအခြေပြုလူမှုရေးအဖွဲ့အစည်းတွေကို အဖွဲ့အစည်း ပီပီသသလုပ်နိုင်ဖို့နဲ့ အများအကျိုး ကို မှန်မှန်ကန်ကန် ဦးတည်ပြီးတော့ လုပ်ကိုင်ကြဖို့ လိုအပ်နေပါပြီ။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ။
မြစ်မခ