Thursday, September 19, 2013

တစ်ပြည်လုံး အပစ်ရပ်ရေး တိုင်းရင်းသား ပညာရှင်များနှင့် ပြည်ပ ပညာရှင်များ ဆွေးနွေး

0 comments


19.9.2013

အစိုးရမှ ချမှတ် အကောင်အထည်ဖော်နေသည့် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအား ချဉ်းကပ် လုပ်ဆောင်နိုင်မည့် တိုင်းရင်းသားတို့၏ အမြင်သဘောထားများကို ပြည်ပပညာရှင်များနှင့် ပြည်တွင်း တိုင်းရင်းသား ပညာရှင်များ ပါဝင်ဆွေးနွေးသည့် ဆွေးနွေးပွဲကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည်ဟု အစည်းအဝေး တက်ရောက်ခဲ့သည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲအတွက် တိုင်းရင်းသားတွေ ရှေ့ဆက်လုပ်ရမယ့် မူဘောင် Frame Work၊ အစိုးရကပြောနေတဲ့ တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို ခေါ်ယူခဲ့မယ်ဆိုရင် ဘယ်လိုတုံ့ပြန်မှာလဲဆိုတဲ့ နည်းလမ်းရယ်။ အဲဒါတွေ အဓိက ဆွေးနွေးကြတာပါ”ဟု ညီညွတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာက မဇ္ဈိမကို ပြောသည်။

စက်တင်ဘာလ ၁၆ ရက် နှင့် ၁၇ ရက်တို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ အမေရိကန်၊ သြစတေး လျနိုင်ငံတို့ အပါအ၀င် မြန်မာ့အရေး စိတ်ပါဝင်စားသည့် နိုင်ငံခြားပညာရှင် ၁၆ ဦး တက်ရောက်ကြသည်။

မြန်မာ့ တိုင်းရင်းသားပညာရှင်များအဖြစ် တိုင်းရင်းသားများ ပူးပေါင်းဆောင်ရွက်ရေး အလုပ်အဖွဲ့မှ ပဒို တူးတူးလေးနှင့် ဒေါက်တာလျှံမုန်း၊ မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ တိုင်းရင်းသားပညာရှင်အဖြစ် ဒေါက်တာ ဆလိုင်းငွန်ကျုံးလျန် ပါဝင်တက်ရောက်ခဲ့သည်။အစောပိုင်း၌ ဒေါက်တာကျော်ရင်လှိုင် ပါဝင်တက်ရောက် ဆွေးနွေးရန် စီစဉ်ထားသော်လည်း မတက်ရောက်နိုင်ခဲ့ပေ။ တိုင်းရင်းသားပညာရှင် စုစုပေါင်း ခြောက်ဦး တက်ရောက်ခဲ့ကြသည်။

ဖက်ဒရယ်ရေးရာ ကျွမ်းကျင်သူတစ်ယောက်အနေဖြင့် ဗိုလ်မှူးကြီးခွန်ဥက္ကာအား ပညာရှင်တစ်ဦးအဖြစ် တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရသော်လည်း ၎င်းမှ လေ့လာသူအဖြစ်သာ တက်ရောက်ကြောင်း ခွန်ဥက္ကာ ကပြောသည်။

မြန်မာ့ငြိမ်းချမ်းရေးစင်တာ ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ကြသည့် ကိုယ်စားလှယ်များက အစိုးရမှ စီစဉ် ထားသည့် တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးအတွက် ပြင်ဆင်မှုများကို တင်ပြခဲ့ပြီး အကယ်၍ တပ်မတော်မှ လိုက်နာမည်ဆိုပါက အပစ်အခတ်ရပ်စဲရေးက လက်တွေ့ဖြစ်လာမည်ဟု တင် ပြခဲ့သည်။

ထို့ပြင် တစ်နိုင်ငံလုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး၌ သမ္မတ၊လွှတ်တော်ဥက္ကဋ္ဌတို့ ကိုယ်တိုင်ပါဝင် လက်မှတ် ထိုးမည်ဖြစ်ကြောင်းလည်း ဆွေးနွေးပွဲ၌ အစိုးရကိုယ်စားလှယ်များဘက်က တင်ပြခဲ့သည်။

“ကျွန်တော်တို့ဘက်ကလည်း ကျွန်တော်တို့လိုလားတဲ့ အချက်တွေ ပါဝင်အောင် ပညာရှင်တွေရဲ့ အကြံ ဉာဏ် ရယူ တယ်။ နည်းလမ်းရှာတယ်။ အဆုံးအဖြတ်တော့ မပေးကြပါဘူး”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်နှင့်ပတ်သက်၍ တိုင်းရင်းသားတို့၏ လိုလားချက်များ ကိုလည်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအနေဖြင့် ပြုစုနေပြီး ယခုလနှောင်းပိုင်း၌ တရားဝင် ထုတ်ပြန်နိုင်မည် ဖြစ်ကြောင်းလည်း ခွန်ဥက္ကာက ဆက်ပြောသည်။

အစိုးရသည် ၂၀၁၁ ခုနှစ်မှစပြီး ပြည်နယ် အခြေခံမူ (၅)ချက်နှင့် ပြည်ထောင်စုအဆင့် အခြေခံမူ(၈)ချက် တို့ကို အခြေခံ၍ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများနှင့် အပစ်အခတ်ရပ်စဲရေးကို စတင် အကောင်အထည်ဖော်ခဲ့သည်။

လက်ရှိ၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ အပစ်အခတ် ရပ်စဲထားနိုင်ခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF တို့နှင့်သာ အပစ်အခတ်ရပ်စဲရေး မပြုလုပ်နိုင်သေးဘဲဆွေးနွေးနေဆဲအဆင့်၌ပင် ရှိနေသည်။

တစ်ပြည်လုံးအတိုင်းအတာ အပစ်အခတ်ရပ်စဲရေးကို နေပြည်တော်၌ လာမည့် အောက်တိုဘာလအတွင်း ခေါ်ယူ ကျင်းပသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်းလည်း အစိုးရကိုယ်စားလှယ်များမှ မီဒီယာများအား ထုတ်ဖော်ပြောကြား ထားသည်။

MPC ကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သူများ၏ သဘောထားအား မေးမြန်းနိုင်ရန်အတွက် မြန်မာ့ငြိမ်းချမ်ရေး စင်တာသို့ ဆက်သွယ် မေးမြန်းခဲ့သော်လည်း အဆက်အသွယ် မရခဲ့ပေ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ပြုလုပ် သည့် နိုင်ငံခြားပညာရှင်များနှင့် တိုင်းရင်းသားပညာရှင်များ တွေ့ဆုံပွဲကို အီးယူ မြန်မာရုံး (Euro Burma Office)မှ ကမကထ ပြုလုပ်ပေးခြင်း ဖြစ်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here