Monday, September 2, 2013

သတင်းမီဒီယာများကို မကြောက်ရန် ဝန်ကြီးများကို သမ္မတပြောကြား

0 comments
2.9.2013


မိမိတာဝန်ကို ရိုးသားဖြောင့်မတ်မှုရှိရှိ မှန်မှန်ကန်ကန် ထမ်းဆောင်သူများအနေနှင့် သတင်းမီဒီယာများကို ကြောက်စရာ မလိုကြောင်း ဝန်ကြီးများနှင့် တွေ့ဆုံလမ်းညွှန် မှာကြားသည့် အခါတိုင်း ထည့်သွင်း ပြောကြားလေ့ ရှိသည်ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ၎င်း၏ လယ်တောအိမ်ရာတွင် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နှင့် ယနေ့ နံနက် ၉ နာရီခန့်က တွေ့ဆုံစဉ် ပြောကြားသည်။

သမ္မတနှင့် သီးသန့်တွေ့ဆုံစဉ် သတင်းမီဒီယာများအနေနှင့် သတင်းကိစ္စများအတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများရှိ ဌာနအသီးသီးနှင့် ဆက်သွယ်မေးမြန်းသည့် အခါတိုင်း တာဝန်ခံ ဖြေကြားသူမရှိခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) ၏ တင်ပြဆွေးနွေးချက်ကို သမ္မတက အထက်ပါ အတိုင်း ပြောကြားခြင်း ဖြစ်သည်။

ထို့အပြင် သတင်းမီဒီယာများကို ပြည်သူလူထု သိသင့်သိထိုက်သည့် သတင်းအချက်အလက် မှန်သမျှ ကြည်ဖြူလိုလားစွာ ထုတ်ပြန်ပေးရန်၊ မေးမြန်းသမျှကိုလည်း ဖြေဆိုပေးရန် အစိုးရအဖွဲ့ ဝန်ကြီးများအပြင် သက်ဆိုင်ရာဌာနများသို့လည်း အခါအားလျော်စွာ ညွှန်ကြားပြောဆိုထားကြောင်း သမ္မတက ဆိုသည်။

ပုဂ္ဂလိက သတင်းမီဒီယာများတွင် သတင်းအတည်ပြုရန် လိုအပ်ချက်အရ ဝန်ကြီးဌာနများရှိ ဌာနဆိုင်ရာများထံ ဆက်သွယ်မေးမြန်းသည့်အခါ များသောအားဖြင့် ဖုန်းလိုင်းမအားခြင်း၊ တယ်လီဖုန်း လက်ခံဖြေကြားမည့်သူ မရှိခြင်း၊ ဖုန်းလက်ခံသူမှာလည်း ဖြေကြားခွင့်မရှိသူ ဖြစ်နေခြင်း၊ စာဖြင့် မေးမြန်းခွင့်ပြုရန် တင်ပြစေလိုခြင်းစသည့် အခက်အခဲများကြောင့် အချိန်လုနေရသည့် နေ့စဉ်ထုတ် သတင်းစာများ အခက်အခဲ ဖြစ်ပေါ်နေကြောင်း၊ အစိုးရဘက်မှ အတည်ပြုချက်မရ၍ ရသည့် သတင်းရင်းမြစ်များနှင့် ရေးသားရသောကြောင့် ဘက်လိုက်မှုနည်း၍ မျှတသော သတင်းဖြစ်ရန် အားနည်းသွားခြင်း၊ တစ်ဖက်သတ် ရေးထား သည်ဟု စွပ်စွဲခံရခြင်းများ ကြုံနေရကြောင်း သတင်းမီဒီယာအားလုံးက တညီတညွတ်တည်း ပြောဆိုကြသည်။

ပြန်ကြားရေးဝန်ကြီးဌာနသည် ဝန်ကြီးဌာနအားလုံးမှ အရာထမ်းများကို ယင်းဌာနတစ်ခုစီ၏ ပြောရေးဆိုခွင့် ရှိသူများအဖြစ် ခန့်ထား တာဝန်ပေးနိုင်ရန် သင်တန်းပို့ချပေးလျက်ရှိပြီး ထိုသင်တန်းသားများကို သတင်းထောက်များနှင့် တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ပြုလုပ်ရန် စီစဉ်လျက် ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်က ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here