Sunday, September 8, 2013

ရှမ်းပြည်နယ်ရှိ ဘိန်းစိုက်ခင်းများကို ငါးလအတွင်း ရာနှုန်းပြည့်နီးပါး ဖျက်ဆီးနိုင်ရန် စီမံချက် စတင်

0 comments

                          ရှမ်းပြည်နယ် တောင်ကြီးခရိုင် အတွင်းရှိ စပျိုးခါစ ဘိန်းစိုက်ခင်းများကို သက်ဆိုင်ရာမှ ဖျက်ဆီးနေစဉ်


ရှမ်းပြည်နယ်အတွင်း ရှိနေသည့် ဘိန်းစိုက်ခင်း ရာနှုန်းပြည့်နီးပါးကို ငါးလအတွင်း ဖျက်ဆီးမည့် စီမံချက်ကို ယခုနှစ်၏ စက်တင်ဘာလ ပထမပတ်မှ စတင်၍ ဖျက်ဆီးရှင်းလင်း နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းထွန်းက စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

ယင်းကဲ့သို့ ဘိန်းခင်းများ ဖျက်ဆီးမှုကို ၂၀၁၃ ခုနှစ် စက်တင်ဘာလ ပထမပတ်မှ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလအထိ စီမံချက်ဖြင့် ဆောင်ရွက်နေကြောင်း သိရသည်။ ယခုစီမံချက်ဖြင့် စတင်ဆောင်ရွက်သည့် စက်တင်ဘာ ပထမပတ်အတွင်း ဘိန်းစိုက်ခင်းဧက ၂၉၅ ဧကကို ဖျက်ဆီးပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ စီမံချက်ဖြင့် ဘိန်းစိုက်ခင်းများအား ဖျက်ဆီးမှုနှင့် ပတ်သက်၍ ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ၀င်းထွန်းက "ပြည်နယ်အတွင်းမှာရှိတဲ့ ဘိန်းခင်းတွေ အများစုကို ငါးလအတွင်းမှာ ဖျက်ဆီးသွားပါမယ်။ ဖျက်ဆီးတဲ့အပိုင်း တစ်ခုတည်း ဆောင်ရွက်လို့ မရဘူး။ ဒါနဲ့အတူ ဒေသခံတွေ ဘိန်းအစားထိုး သီးနှံတွေ စိုက်ပျိုးပြီးတော့ အသက်မွေးဝမ်းကျောင်း ပြုနိုင်ဖို့နဲ့ ဖွံ့ဖြိုးရေး အပိုင်းတွေကို ပြည်နယ်အစိုးရ အဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စီစဉ်နေတယ်။ အခုအချိန်မှာတော့ ဒေသခံတွေကို ဘိန်းမစိုက်ဖို့ အသိပညာပေး အစီအစဉ်တွေလည်း လုပ်နေပါတယ်" ဟု စက်တင်ဘာ ၇ ရက် နံနက်ပိုင်းက ပြောကြားသည်။

စီမံချက်ဖြင့် ဘိန်းစိုက်ခင်းများ ဖျက်ဆီးမှုကို ရဲတပ်ဖွဲ့၊ ထွေအုပ်၊ စိုက်ပျိုးရေး၊ မြေစာရင်း၊ မူးယစ်အထူးအဖွဲ့ စသည့်အင်အား ၂၅၀ ကျော် ပါဝင်သည့် ဌာနပေါင်းစုံမှ အဖွဲ့ဖြင့် ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။

"အခု စီမံချက် အစပိုင်းမှာ တောင်ကြီးခရိုင် အတွင်းမှာရှိတဲ့ ဆီဆိုင်မြို့နယ်၊ ဟိုပုန်းမြို့နယ်၊ ပင်လောင်းမြို့နယ်၊ ဖယ်ခုံမြို့နယ် လေးခုအတွင်းမှာရှိတဲ့ ဘိန်းခင်းဧက ၂၉၀ ကျော်ကို ဖျက်ဆီးပြီးသွားပါပြီ။ ရှမ်းပြည်နယ် တစ်ခုလုံး အနေနဲ့ ဘိန်းစိုက်ခင်း ဧကပေါင်း ၆၀၀၀ ကျော်ရှိတယ်လို့ စစ်ဆေးတွေ့ရှိ ထားတယ်။ ဒါပေမဲ့ တချို့နေရာတွေကတော့ လုံခြုံရေး အခြေအနေအရ သွားရောက်ပြီး မစစ်ဆေးနိုင်တာတွေ ရှိနေသေးပါတယ်" ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။


eleven media group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here