Sunday, September 22, 2013

သီလဝါစီမံကိန်း ဒေသခံများ လျော်ကြေးနမူနာ တွက်ချက်မှုပုံစံ ထုတ်ပြန်

0 comments


ရန်ကုန်၊ စက်တင်ဘာ ၂၁

သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း ပထမအဆင့် နယ်မြေ အတွင်းရှိ ပြောင်းရွှေ့ရမည့် ဒေသခံများအတွက် နမူနာ လျော်ကြေး တွက်ချက်မှုပုံစံကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် ဒေသခံများနှင့် တွေ့ဆုံစဉ် ယင်းဇုန် စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန် လိုက်သည်။

ထုတ်ပြန်လိုက်သော နစ်နာမှု လျော်ကြေးသည် လယ်မြေ ၁၀ ဧကတွင် တစ်ရာသီ သီးနှံ၊ နှစ်ရာသီ သီးနှံ လုပ်ကိုင်နေသူများကို အခြေတည်၍ နမူနာတွက်ချက်ထားခြင်း ဖြစ်ကြောင်း အဆိုပါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။ပြောင်းရွှေ့ရမည့် ဒေသခံ အိမ်ထောင်စုသည် တစ်ရာသီ သီးနှံ စိုက်ပျိုးပါက ကျပ် ၁၇,၆၅၀,၀၀၀ နှင့် နှစ်ရာသီ သီးနှံ စိုက်ပျိုးပါက ကျပ် ၃၀,၁၅၀,၀၀၀ ခန့် နစ်နာကြေး ရရှိနိုင်မည်ဟု ခန့်မှန်းတွက်ချက် ထားကြောင်း ၎င်းကဆိုသည်။

အဆိုပါ နစ်နာကြေး တွက်ချက်မှုတွင် အစားထိုး ပြန်ရမည့်မြေနှင့် အိမ်မဟုတ်သော အခြားအဆောက်အအုံ (ကျွဲ၊ နွားတင်း ကုပ်စသည်) တို့အတွက် တန်ဖိုး ထည့်တွက်ထားခြင်း မရှိသေးသည့်အပြင် လယ်မြေမဟုတ်ဘဲ ယာလုပ်ငန်း လုပ်ကိုင်သူ၊ ကိုင်းမြေ လုပ်ကိုင်သူ၊ ကျပန်း လုပ်ကိုင်သူစသည့် အခြားသော အသက်မွေးဝမ်းကျောင်း လုပ်ကိုင်သူများအတွက် နစ်နာကြေးကိုလည်း တွက်ချက်ထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြောကြားသည်။

သီလဝါ စီမံကိန်း ပထမအဆင့် တည်ဆောက်ရေး လုပ်ငန်းများ စတင်နိုင်ရန်အတွက် ယခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့ ဝါလကင်းလွတ်သည့် အချိန်တွင် ဒေသခံများကို ပြောင်းရွှေ့ပေးရန် စီစဉ်ထားကြောင်း အဆိုပါဇုန် စီမံခန့်ခွဲမှု ကော်မတီက တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယခုထုတ်ပြန်သော နစ်နာကြေးကို ကျေနပ်သူများနှင့် ယင်းပမာဏထက် ပိုသော နစ်နာကြေး သို့မဟုတ် မြေယာလျော်ကြေး ရလိုသူများ သဘောထား ကွဲလျက်ရှိရာ သီလဝါ အထူးစီးပွားရေးဇုန် စီမံကိန်း တစ်ခုလုံးတွင် ပါဝင်နေသော ဒေသခံများ အားလုံးကို ကိုယ်စားပြုနိုင်သည့် အဖွဲ့ ဖွဲ့ကာ နစ်နာမှုလျော်ကြေးအတွက် ထပ်မံညှိနှိုင်းသွားမည် ဖြစ်ကြောင်း လတ်တလော ဒေသခံကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူများက ဆိုသည်။

မြေယာပိုင်ဆိုင်မှုအတွက် အငြင်းပွား စရာမလိုဘဲ ရသင့်ရထိုက်သော နစ်နာမှု လျော်ကြေးကိုသာ ယူဖို့သင့်ကြောင်း ဦးဆက်အောင်က အကြံပြုသည်။“ပိုင်ဆိုင်မှုအတွက် အငြင်းပွားမယ် ဆိုရင်တော့ တိုင်းဒေသကြီးအစိုးရနဲ့ ဥပဒေကြောင်းအရ တရားရင်ဆိုင်ရမယ်။ ဒီအခါ တရားနိုင်တာလည်း ဖြစ်နိုင်သလို တရားရှုံးသွားတာလည်း ဖြစ်နိုင်တယ်” ဟု ၎င်းက ဆက်ပြောသည်။

ယခုလက်ရှိ စီမံကိန်းတစ်ခုလုံးနှင့် ပတ်သက်သော ဒေသခံများ၏ အသေးစိတ် အချက်အလက်များနှင့် မြေယာပိုင်ဆိုင်မှုနှင့် ပတ်သက်သော အချက်အလက်အားလုံး တိုင်းဒေသကြီး အစိုးရထံတွင် ရှိနှင့်ပြီး ဖြစ်ကာ ယင်းစီမံကိန်းမြေ အားလုံးသည် ၁၉၉၇ ခုနှစ်ကတည်းက နိုင်ငံပိုင်မြေအဖြစ် သိမ်းဆည်းထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုးမင်းက ပြောကြားသည်။“ကျွန်တော် အကြံပေးတဲ့ နစ်နာကြေးကို လက်မခံသေးဘူး ဆိုရင်တောင်မှ မြေယာလျော်ကြေး မဟုတ်တဲ့ နောက်ထပ် တခြားသော နည်းလမ်းတစ်ခုကို ကျွန်တော်တို့ ဆက်သွားမယ်” ဟု ၎င်းကဆိုသည်။

ယခုထုတ်ပြန်သော နစ်နာကြေးပုံစံသည် အကြံပြုခြင်းသာဖြစ်ပြီး မြေယာလျော်ကြေး ရလိုပါက ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် တရားရင်ဆိုင်ရမည် ဖြစ်ကာ တရားရှုံးပါက မည်သည့် နစ်နာကြေး မှ မရနိုင်တော့ကြောင်း ဦးဆက်အောင်က ဆိုသည်။
“အရင်ကတည်းက လယ်ပဲလုပ်တတ်တာ။ အခု ပြောင်းပေးရမယ်ဆိုတော့ လယ်မဲ့ယာမဲ့ဖြစ်ပြီ။ လယ်မဲ့ ယာမဲ့ဘဝဟာ အကန်း လမ်းလျှောက်သလိုပါပဲ” ဟု ပြောင်းရွှေ့ပေးရမည့် ဒေသခံတစ်ဦးဖြစ်သူ ဦးစိန်ဝင်းက ဆိုသည်။

ယခုပြောင်းရွှေ့ပေးရမည့် ဒေသခံများအတွက် ပေ ၂၀ ထ ပေ ၄၀ ရှိ အစားထိုးမြေ တစ်ကွက်၊ ကာလတန်ဖိုး ကျပ် ၂၅ သိန်းရှိသော အလျား ၁၂ ပေ အနံ ၁၆ ပေ ရှိ သွပ်မိုး သစ်ကြမ်းခင်းအိမ် တစ်လုံးနှင့် အခြားသော နစ်နာမှုလျော်ကြေး ၁၁ မျိုး စုစုပေါင်း နစ်နာကြေး ၁၃ မျိုး ပေးသွား မည် ဖြစ်ကြောင်း ယင်းဇုန်စီမံခန့်ခွဲမှု ကော်မတီက ထုတ်ပြန်သည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here