Sunday, September 22, 2013

ရေဘေးသင့်ဒေသများကို ဒေါ်လာလေးသောင်း အော်ရီဒူးထောက်ပံ့

0 comments


ရန်ကုန်၊ စက်တင်ဘာ ၂၁ 

ဆက်သွယ်ရေး အော်ပရေတာလုပ်ငန်း လုပ်ကိုင်ခွင့် ရရှိထားသော ဆက်သွယ်ရေး ကုမ္ပဏီ အော်ရီဒူး (မြန်မာ) က မြန်မာနိုင်ငံ အတွင်း မကြာသေးမီက ဖြစ်ပေါ်ခဲ့သော ရေဘေးသင့် ဒေသများရှိ ပြည်သူများအတွက် အမေရိကန်ဒေါ်လာ ၄၀,၀၀၀ ထောက်ပံ့ ကူညီခဲ့ကြောင်း အဆိုပါ ကုမ္ပဏီက ထုတ်ပြန်ခဲ့သည်။

အော်ရီဒူး ကုမ္ပဏီအနေနှင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့ရှိ ရေဘေးဒဏ် ခံခဲ့ရသည့် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနမှတစ်ဆင့် လှူဒါန်းခြင်း ဖြစ်သည်။

သြဂုတ်လ အတွင်းကလည်း အော်ရီဒူး (မြန်မာ) ကုမ္ပဏီသည် ရေဘေးသင့် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနသို့ အမေရိကန်ဒေါ်လာ ၂၀,၀၀၀ ပထမအကြိမ် အကူအညီ ပေးအပ်ခဲ့ကြောင်း ဝန်ကြီးဌာနထံမှ သိရှိရသည်။

“ရေဘေးသင့် ပြည်သူတွေအနေနဲ့ ထောက်ပံ့လှူဒါန်းမှုများ အများကြီး လိုအပ်နေသေးတယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဒီရေလွှမ်းမိုးမှုတွေကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဘေးဒုက္ခ အခက်အခဲတွေနှင့် ဆုံးရှုံးမှုများအတွက် ရေဘေးသင့် ပြည်သူများကို ကူညီထောက်ပံ့မှုတွေ ပေးချင်ပါ တယ်” ဟု အော်ရီဒူး (မြန်မာ) မှ အကြီးတန်းအရာရှိ Ross Cormack က ပြောကြားသည်။

လက်ရှိ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်ပွားခဲ့သည့် ရေကြီးမှုများကြောင့် လူပေါင်း ၃၈,၃၀၀ ဦးကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပြီး လူနေအိမ်များ၊ လမ်းများနှင့် တံတားများ ပျက်စီး ဆုံးရှုံးမှုများကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

ရေလွှမ်းမိုးခံခဲ့ရသော ဒေသများတွင် ရေကြီးမှုများ လျော့ကျသွားသော်လည်း ပျက်စီးဆုံးရှုံးခဲ့သည့် ဒေသများတွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် လိုအပ်လျက် ရှိကြောင်း ဒေသခံများထံမှ သိရှိရသည်။

ကာတာအခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီ အော်ရီဒူးသည် လာမည့် ၁၀ နှစ်အတွင်း မြန်မာနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် အမေရိကန်ဒေါ်လာ သန်း ၆၀ ခန့် ထောက်ပံ့ ကူညီသွားမည်ဟု ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် ရရှိခဲ့ပြီးနောက် ကြေညာထားသည်။


The Voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here