Thursday, September 19, 2013

အမတ်များ၏ တင်ပြချက်များ အစိုးရ ဆောင်ရွက်ပေးမှု အားနည်းဟု တိုင်းအမတ် ဝေဖန်

0 comments
19.9.2013

အမတ်များ လွှတ်တော်တွင် တင်ပြခဲ့သည့် အဆိုများကို သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနများက ဖြေရှင်းဆောင်ရွက်ပေးမှု အားနည်းနေသည်ဟု သင်္ဃန်းကျွန်းမြို့နယ်မှ တိုင်းအမတ် ဦးကျော်က စက်တင်ဘာ ၁၈ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းလွှတ်တော်တွင် ဝေဖန်လိုက်သည်။

“ကျွန်တော်တို့ကို လူထုက ယုံကြည်မှု အားနည်းသွားနိုင်တဲ့ အနေအထားဖြစ်ပါတယ်။ ဒါကြောင့် အဆိုတင်တဲ့အခါမှာ တာဝန်ယူတဲ့ ပုဂ်္ဂိုလ်များက ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် ဆောင်ရွက်ပေးပါလို့ ကျွန်တော် ပြောလိုပါတယ်”ဟု သူက တိုက်တွန်း ပြောဆိုခဲ့သည်။
ဗိုလ်ချုပ်ရုပ်တုကို ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်တွင် ပေ ၂၀ အမြင့် ထားရှိထုလုပ်ပေးရန် ပြီးခဲ့သည့် နှစ်ကတည်းက အဆိုပြု တင်သွင်းခဲ့သော်လည်း ယခုအချိန်ထိ အကြောင်းပြန်ကြားခြင်း မရှိသေးသည်ကို ရည်ညွှန်းကာ အစိုးရဌာနအသီးသီးသို့ ဦးကျော်က ဝေဖန်လိုက်ခြင်းဖြစ်သည်။

ထိုအဆိုကို လွှတ်တော်တွင် တင်ခဲ့စဉ်က ရန်ကုန်တိုင်း မြို့တော်ဝန်နှင့် ၀န်ကြီးချုပ်တို့က ပြည်ထောင်စု အစိုးရ၏ သဘောထားရယူပြီး ဆောင်ရွက်သွားမည်ဟု ပြောဆိုထားသော်လည်း အကောင်အထည်မပေါ်သည့်အတွက် ထပ်မံ မေးမြန်းရခြင်း ဖြစ်သည်ဟုလည်း ဦးကျော်က ပြောသည်။
ထိုစဉ်က သူ၏ မေးမြန်းချက်ကို ပြည်ထောင်စုအစိုးရသို့ တင်ပြထားပြီး “လမ်းညွှန်မှုရရှိပါက ၎င်းလမ်းညွှန်ချက်အတိုင်း ဆက်လက် ဆောင်ရွက်သွားမည်”ဟု မြို့တော်ဝန်ဦးလှမြင့်က ပြန်ဖြေခဲ့သည်။

သို့သော် “အခုအချိန်ထိ လမ်းညွှန်မှု မရှိဘူးဆိုတော့ ကျွန်တော်တို့ တင်တဲ့ အဆိုတွေ သက်ဆိုင်ရာတွေက အရေးယူဆောင်ရွက်မှု အားနည်းတယ်လို့ မြင်ပါတယ်”ဟု ဦးကျော်က မဇ္ဈိမကို ပြောသည်။
ယခုလ ၁၂ ရက်က ပြုလုပ်သည့် လွှတ်တော်တွင်လည်း ဦးကျော်က ယခုထုတ်နေသည့် ငွေစက္ကူများကို ဗိုလ်ချုပ်ရုပ်ပုံဖြင့် ပြန်လည်ထုတ်ပေးရန် အဆိုတင်ခဲ့ပြီး ထိုအဆိုကို လွှတ်တော်တွင် မဲခွဲဆုံးဖြတ်ခဲ့ရာ အရေးနိမ့်သွားခဲ့သည်။

Mizzima - News in Burmese

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here