Friday, September 20, 2013

လက်နက်ကိုင်အဖွဲ့အားလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးကြဖို့ ဝန်ကြီးတိုက်တွန်း

0 comments


20.9.2013

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲမှာ ပါဝင်ကြဖို့အတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို တိုက်တွန်းကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီနေ့ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ဆုံအပြီးမှာ ပြောကြားပါတယ်။

မနက်ဖြန် စက်တင်ဘာလ ၂၁ ရက်နေ့ တောင်ကြီးမြို့မှာကျင်းပမယ့် တိုင်းရင်းသားညီလာခံကို တက်ရောက်လာတဲ့ အပစ်ရပ်စဲထားတဲ့ တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့ တောင်ကြီးဟိုတယ်မှာ သီးသန့်တွေ့ဆုံစဉ် ရှင်းပြခဲ့တာဖြစ်ကြောင်း ဝန်ကြီးဦးအောင်မင်းက အခုလိုပြောပါတယ်။

“အမှန်ကတော့ ခင်ဗျားတို့ကို ပြောပြောနေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လုပ်နိုင်ဖို့အတွက် တိုင်းရင်းသားအဖွဲ့တွေကို လိုက်တွေ့တာ၊ ဒီနေ့ ၃ ဖွဲ့တွေ့တယ်၊ ကျနော်တို့ခုလက်မှတ်ထိုးတာ အကုန်လုံး ၁၄ ဖွဲ့ရှိတယ်လေ၊ ကေအိုင်အေနဲ့ ပလောင် ကျန်တယ်ပေါ့၊ အဲဒါဆို ၁၆ ဖွဲ့ပေါ့၊ အဲဒီအထဲက လက်မှတ် ထိုးပြီးသား ၃ ဖွဲ့ပေါ့၊ သူတို့ ၃ ဖွဲ့နဲ့ တွေ့ပြီးတော့မှ ဒီလက်မှတ်ထိုးဖို့ကိစ္စကို ပြောပြတာ၊ သူကလည်း သိချင်တာတွေ မေးတာပေါ့”

ဝန်ကြီး ဦးအောင်မင်းဟာ ရှမ်းပြည်နယ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဖြစ်တဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်ကစပြီး တောင်ကြီးမြို့မှာ ၃ ရက်ကြာကျင်းပမယ့် ငြိမ်းချမ်းရေးအတွက် ယုံကြည်မှု တည်ဆောက်ခြင်း (ရှမ်း၊ ကယား၊ မွန်) ဆွေးနွေးပွဲကို အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပြင် ရှမ်း၊ ကယား၊ မွန် ပြည်နယ်တွေက တိုင်းရင်းသားနိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေလည်း တက်ရောက်နေကြတာဖြစ်ပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here