Monday, September 9, 2013

ငွေသိန်း ၅၀၀ သုံးစွဲမည့်ကိစ္စ စာနယ်ဇင်းကောင်စီထုတ်ပြန်မည်

0 comments
မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ) သို့ အစိုးရဘတ်ဂျက်ဖြင့် လှူဒါန်းထားသည့် ကျပ်သိန်း ၅၀၀ ကို မည်သို့ သုံးစွဲမည်ဆိုခြင်းကို စာနယ်ဇင်းကောင်စီအနေဖြင့် သဘောထားကြေညာချက် ထုတ်ပြန်မည်ဖြစ်သည်ဟု စာနယ်ဇင်းကောင်စီ (ယာယီ) မှ အတွင်းရေးမှူး ဦးကျော်မင်းဆွေက မဇ္ဈိမကို စက်တင်ဘာ ၈ ရက်တွင် ပြောသည်။

သဘောထားကြေညာချက်တွင် အဓိကအားဖြင့် အစိုးရဘတ်ဂျက်ဖြင့် လှူဒါန်းသည့် သိန်း ၅၀၀ နှင့် ပတ်သက်၍ ရှေ့ဆက်မည်သို့ လုပ်ဆောင်မည်ဟူသော အကြောင်းအရာပါဝင်မည်ဖြစ်ပြီး သတင်းမီဒီယာဥပဒေကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးထားသည့် အကြောင်းအရာများလည်း ပါဝင်မည်ဖြစ်သည်ဟု ၎င်းက ဆက်လက်ပြောသည်။

အလှူငွေ သိန်း ၅၀၀ လက်ခံသည့် ကိစ္စနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများ ဖြစ်ပေါ်နေပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ဦးကျော်မင်းဆွေက “သဘောထားကွဲလွဲတာတွေက သဘာဝပါ။ နားလည်မှုတွေလွဲ နိုင်ပါတယ်။ အဓိက ကတော့ လုပ်နေတဲ့သူတွေအနေနဲ့ စေတနာမှန်ဖို့၊ လိပ်ပြာသန်ဖို့ ရိုးသားဖြောင့်မတ်ဖို့ နဲ့ကိုယ့်အလုပ်ကို ကိုယ်မယိမ်း မယိုင်အောင် လုပ်ဖို့အရေးကြီးပါတယ်” ဟု ပြောသည်။

သိန်း ၅၀၀ လှူဒါန်းခြင်းနှင့်ပတ်သက်ပြီး စာနယ်ဇင်းလောကအတွင်း သဘောထားကွဲလွဲမှုများလည်း ရှိနေပြီး လက်ခံသင့်သည်ဟု ယူဆသူနှင့် လက်မခံသင့်ဟု ယူဆသူများကြား သဘောထားကွဲလွဲနေခြင်းဖြစ်သည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ နိုင်ငံတော်သမ္မတရုံးမှ ကျပ်သိန်းငါးရာ လှူဒါန်းခြင်းမှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ၏ လွတ်လပ်ခွင့်ကို မထိခိုက်စေသည့် လှူဒါန်းခြင်းဖြစ်သည်ဟု ပြန်ကြားရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေးက ယင်းငွေကြေးကို စာနယ်ဇင်းကောင်စီသို့ လာရောက်လှူဒါန်းသည့် စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။

စာနယ်ဇင်းကောင်စီကို ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီးလာမည့် သက်တမ်းအတွက် ရွေးကောက်ပွဲပြုလုပ်၍ ပြန်လည်ဖွဲ့စည်းခြင်းကို ဆောင်ရွက်သွားမည်ဖြစ်သည်။ စာနယ်ဇင်းကောင်စီ(ယာယီ) သည် တစ်နှစ်အတွင်း သတင်းလောကသားများနှင့် ပတ်သက်သည့် တိုင်ကြားမှုပေါင်း ၃၄ ခု ဖြေရှင်းပေးခဲ့ပြီးဖြစ်သည်။

စက်တင်ဘာ ၁ ရက်ကနေပြည်တော်တွင် နိုင်ငံတော်သမ္မတ၊ ပြန်ကြားရေးဝန်ကြီးများနှင့် စာနယ်ဇင်းကောင်စီ (ယာယီ) မှ တာဝန်ရှိသူများတွေ့ဆုံသည်။

Mizzima

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here