Friday, September 13, 2013

မန္တလေး-မိုးကုတ် ခရီးသည်တင်ယာဉ် များကို SSA အဖွဲ့ ငွေကြေးတောင်းခံ

0 comments

မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့မှ ၄၇ မိုင်ခန့်အကွာ ရှမ်းပြည်နယ် ကျောက်မဲခရိုင် မိုင်းလုံမြို့နယ်ခွဲ ပဇီကျေးရွာအနီးတွင် မန္တလေးမှ မိုးကုတ်သို့ သွားသည့် ခရီးသည်တင် မော်တော်ယာဉ်များကို ယူနီဖောင်းဝတ် အစိမ်းရောင် SSA အဖွဲ့က လက်ဖက်ရည်ဖိုး ဟုဆို၍ ငွေကြေးတောင်းခံသည့် ဖြစ်စဉ်များ ရှိကြောင်း မိုးကုတ်-မန္တလေး ရွှေပြည်ဟိန်း မော်တော်ယာဉ်အသင်း တာဝန်ရှိသူ ဦးဇော်ဦး က The Voice သို့ ပြောကြားသည်။

ပဇီကျေးရွာအနီး၌ ရင်ဘတ်တွင် SSA တံဆိပ်နှင့် လက်မောင်းတွင် ကျားခေါင်းတံဆိပ် ပါရှိသည့် ယူနီဖောင်းအစိမ်းရောင် ဝတ်ဆင်ထားသော လက်နက်ငယ်နှင့် စကားပြောစက်ကိုယ်စီ ပါသူ သုံးဦးက လက်ဖက်ရည်ဖိုး တောင်းခံရာ ၅၀၀၀ ကျပ် ပေးခဲ့ရကြောင်း ၄င်းက ထပ်မံပြောကြားသည်။

"အဲဒီရွာနားမှာ ဆိုရင် အရင်တုန်းက ကြိုကြားကြိုကြား ဖြစ်တယ်။ ဆက်ကြေး တောင်းတာမျိုး မဟုတ်ပါဘူး။ လက်ဖက်ရည် ဖိုးတောင်းတာပါ၊ အဲ့ဒီရွာနားက ဖြတ်သွားတဲ့ ခရီးသွားကားတွေ အကုန်လုံးကို စက်တင်ဘာလ ၈ ရက်၊ ၉ရက်နေ့မှာတုန်းက တောင်းတယ်" ဟု လက်ဖက်ရည်ဖိုး အဖြစ် ၅၀၀၀ ကျပ်ပေးခဲ့ရသည့် ရွှေပြည်ဟိန်း မော်တော်ယာဉ်အသင်း ဂိတ်မှူးက ဆိုသည်။

အလားတူပင် စက်တင်ဘာလ ၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်က မိုးကုတ်မှ ပြင်ဦးလွင်သို့ သွားသည့် မိုးကုတ်-မန္တလေး ရွှေပြည်ဟိန်းမော်တော်ယာဉ် အသင်းမှ ယာဉ်မောင်းကို ပဇီကျေးရွာ အနီးတွင် အစိမ်းရောင်ယူနီဖောင်းဝတ် လက်နက်ငယ် ကိုယ်စီပါ သုံးဦးက ရပ်တန့်ခိုင်းပြီး လက်ဖက် ရည်ဖိုးတောင်းရာ ၅၀၀၀ကျပ် ပေးခဲ့ကြောင်း၊ တောင်းခံသူများမှာ ရှမ်းပုံစံဖြစ်ပြီး လက်မောင်းတံဆိပ် များကို သေချာစွာ မကြည့်ခဲ့ရကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများမှ စုံစမ်းသိရှိရသည်။

အဆိုပါသတင်း များအရ မိုးကုတ်မြို့နယ် အခြေပြုလှုပ်ရှားအမှတ် (၂) စစ်ဗျူဟာ လက်အောက်ရှိ ရှေ့တန်းတပ် များဖြင့် လိုက်လံရှင်းလင်း ဆောင်ရွက်ခဲ့ကြောင်း အဆိုပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"ဟုတ်ပါတယ်။ SSPT/SSA ရှမ်းပြည်တိုးတက်ရေး ပါတီ/ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ကပါ။ အခုအဲဒီနေရာ တွေကို အုပ်ချုပ်ရေးအဖွဲ့ စေလွှတ်ပြီး လက်ရှိ အရေးယူဖို့ လုပ်ဆောင်သွားပါမယ်။ အခုကိစ္စနဲ့ ပတ်သက်ပြီးတော့ ကားသမားတွေ၊ ခရီးသည်တွေ ကိုလည်း အနူးအညွှတ် တောင်းပန်ပါတယ်။ ဒီလိုပြဿနာတွေ ကြုံတွေ့လာရင်လည်း ကြောက်ရွံ့ မနေဘဲ ဝမ်ဟိုင်းဌာနချုပ် ဆက်ဆံရေးရုံး ဖုန်းနံပါတ် ၀၉-၄၉၃၅၈၈၈၉ကို ဆက်သွယ်အကြောင်း ကြားပေးပါ" ဟု SSPT/SSA ရှမ်းပြည် တိုးတက်ရေး ပါတီ/ ရှမ်းပြည်မြောက်ပိုင်း တပ်မတော်ပြန်ကြားရေး ဌာနမှ ဦးစိုင်းဇင်ထွန်းက ပြောကြားသည်။

The Voice Weekly

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here