Sunday, September 23, 2012

ပူပူနွေးနွေး စာနယ်ဇင်းကောင်စီ(ယာယီ)၏ အတွင်းရေးမှူး ကိုကျော်မင်းဆွေအား ဒဂုံမြို့နယ်တရားရုံးက အသရေဖျက်မှုဖြင့် စွဲချက်တင်

0 comments


Eleven Media Group ၀က်ဆိုက်ဘ်တွင် ကောက်ယူခဲ့သော စစ်တမ်းများအရ တရားစီရင်ရေးမဏ္ဍိုင်အပေါ် ပြည်သူလူထု၏ သဘောထားကို တွေ့ရစဉ်
မကြာသေးမီက(စက်တင်ဘာလ ၁၇ ရက်) ဖွဲ့စည်းခဲ့သည့် ပူပူနွေးနွေး စာနယ်ဇင်းကောင်စီ(ယာယီ)၏ အတွင်းရေးမှူး ကိုကျော်မင်းဆွေ(The Vocie ဂျာနယ်အယ်ဒီတာချုပ်) ကို ဒဂုံမြို့နယ်တရားရုံးက  အသရေဖျက်မှု(ပုဒ်မ ၅၀၀)ဖြင့် စွဲချက်တင် လိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် ဒဂုံမြို့နယ်တရားရုံးသို့ လျှောက်ထားမှုအပေါ် တရားရုံးကရုံးချိန်း (၁၄)ကြိမ်မြောက်တွင် The Voice ဂျာနယ်၏ ထုတ်ဝေသူနှင့် အယ်ဒီတာချုပ် ကိုကျော်မင်းဆွေတို့အား အသရေဖျက်မှု(ပုဒ်မ ၅၀၀) ဖြင့် စွဲချက်တင်လိုက်ကြောင်း စက်တင်ဘာလ ၂၀ ရက်နေ့က အမိန့် ချမှတ်ခဲ့ခြင်းဖြစ်သည်။
ယင်းအမိန့်နှင့်ပတ်သက်ပြီး The Voice ဂျာနယ်ဘက်မှ ခရိုင်သို့ ပြင်ဆင်မှု လျှောက်ထားသွားမည်ဖြစ်ကြောင်း The Voice ဂျာနယ်ဘက်မှ အမှုလိုက်ပါဆောင်ရွက်သူ တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွှန့်က ပြောကြားခဲ့သည်။ ''ဒီအမှုဟာ ဘယ် သူနိုင်နိုင် တိုင်းပြည်အတွက် အကျိုးမရှိဘူး။ ဒီစွဲချက်တင်တဲ့ကိစ္စကို ခရိုင်ကိုတက်မယ်။ ဒီအမှုသည် စတုတ္ထမဏ္ဍိုင်နဲ့ ပြည်ထောင်စုအစိုးရနဲ့ ဖြစ်တဲ့ပွဲဖြစ်သွားပြီ။ အဲဒါဟာ တိုင်းပြည်အတွက် အကျိုးမရှိဘူး''ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းညွန့်က ပြောကြားခဲ့သည်။
''အခုလိုစွဲချက်တင်ဖို့ အမိန့်ချလိုက်တော့ ကိုယ်မှန်ကြောင်း တစ်ဖက်နဲ့တစ်ဖက် သက်သေပြရမယ့်အဆင့် ရောက်သွားပြီ။ အရင်ကတော့ စေ့စပ်ညှိနှိုင်းတာမျိုး လုပ်ဖို့ စဉ်းစားထားတာ။ ဒီအတိုင်းဆိုရင် အပြန်အလှန် တိုက်ပွဲအသွင်ဆောင်သွားနိုင် တယ်။ ဒီကိစ္စက တရားစီရင်ရေးမဏ္ဍိုင် ဘယ်လောက်ကြံ့ခိုင်လဲဆိုတာမှာ မူတည်နေတယ်''ဟု The Voice ဂျာနယ်အယ်ဒီတာချုပ် ဦးကျော်မင်းဆွေက ပြောကြားခဲ့သည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် တရားစွဲထားသည့်အမှုတွင် သတင်းရေးသားသူအမည်ကို အယ်ဒီတာချုပ်က ဖော်ထုတ်ပေးရန် တောင်းဆိုထားမှုကို ဒဂုံမြို့နယ်တရားရုံးမှ ပလပ်ခဲ့ကြောင်း မေလ ၂၃ ရက်နေ့က ကြားနာစစ် ဆေးခဲ့သည့် ရုံးချိန်းမှ သိရှိရသည်။
သတ္တုတွင်းဝန်ကြီးဌာနမှ The Voice ဂျာနယ်အပေါ် ပုဒ်မ ၅၀၀ ဖြင့် စွဲဆိုထားသည့်အမှုအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ညီ မညီ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးသို့ တင်ပြနိုင်ရန် လက်ရှိစစ်ဆေးနေမှုကို ဆိုင်းငံ့ပေးရန် The Voice ဂျာနယ် ဘက်မှလျှောက်ထားမှုကို ဒဂုံမြို့နယ်တရားရုံးက ဇွန်လ ၂၀ ရက်ရုံးချိန်းတွင် ပယ်ချသည့်အမိန့် ချမှတ်ခဲ့ကြောင်းလည်း သိရှိရသည်။
The Voice ဂျာနယ်အနေဖြင့် မတ်လ ၁၀ ရက်နေ့က ထုတ်ဝေခဲ့သော ဂျာနယ် အတွဲ-၈၊ အမှတ် ၁၃ ၌ ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှု စစ်ဆေးတွေ့ရှိသတင်းကို မျက်နှာဖုံးသတင်းအနေဖြင့် ဖော်ပြခဲ့ခြင်း ဖြစ်ပါသည်။

လက်ရှိတရားစီရင်ရေးမဏ္ဍိုင်ဟာ ပြုပြင်ရ အခက်ခဲဆုံး၊ လူထုအတွက် အဖိစီးဆုံး၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အန္တရာယ်အကြီးဆုံးဆိုတာ အစိုးရ၊ လွှတ်တော်၊ အတိုက်အခံ၊ လူထုအားလုံး သဘောပေါက်လာကြပါပြီ။ ကျွန်တော်တို့ သတင်းမီဒီယာတွေအနေနဲ့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားစွဲခံရမှာ အပြစ်ပေးခံရမှာ မကြောက်ဘဲ ရဲရဲဝံ့ဝံ့၊ ထဲထဲဝင်ဝင် ဖော်ထုတ်ရေးသားလာကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ကြိုးစားခဲ့သမျှတွေအတွက် မကြာခင်မှာ လူထုအတွက် အကျိုးရှိလာပါလိမ့်မယ်  .   .   .
သတင်း၏ ပထမပိုဒ်၌ ပြန်ကြားရေးဝန်ကြီးဌာနအပါအ၀င် ပြည်ထောင်စုအဆင့်ဝန်ကြီးဌာနများ၏ ကျပ်သိန်းပေါင်းထောင်ချီသော ငွေကြေးအလွဲသုံးစားပြုမှုများနှင့် ငွေစာရင်းမမှန်မကန်ဖော်ပြမှုများကို ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေး တွေ့ရှိခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားခဲ့သည်ဟု ဖော်ပြခဲ့သည်။
သတ္တုတွင်းဝန်ကြီးဌာနက The Voice ဂျာနယ်အပေါ် တရားစွဲဆိုထားခြင်းကို ဒဂုံမြို့နယ်တရားရုံးက ပြစ်မှုအမှတ် ၅၁/၂၀၁၂၊ ပုဒ်မ ၅၀၀ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ကြောင်း သိရှိရသည်။ ယခုကဲ့သို့ အသရေဖျက်မှုဖြင့် တရားစွဲဆိုခံရခြင်းအတွက် ''အစကတည်းက ဘယ်သူ့ကိုမှ ဘယ်အဖွဲ့အစည်းကိုမှ ဂုဏ်သိက္ခာထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်မရှိဘဲ သတင်းမီဒီယာမှာ တာဝန်ရှိတဲ့အတိုင်း သန့်ရှင်းတဲ့အစိုးရ၊ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ်ဖြစ်ဖို့ အထောက်အပံ့ဖြစ်စေတဲ့ ပွင့်လင်းမြင်သာမှုတစ်ခုလို့ ယူဆပြီး သတင်းဖော်ပြရေးသားခဲ့တဲ့အတွက် မှားတယ်လို့ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ အဲဒီတော့ မြို့နယ်တရားရုံးရဲ့ အဆုံးအဖြတ်ကို မကျေနပ်ရင် ခရိုင်အဆင့်၊ တိုင်းဒေသကြီး အဆင့်ကနေ ပြည်ထောင်စုအဆင့် အထိ တက်မယ်။ အမှန်တရားအတွက် ခုခံချေပမယ်''ဟု ကိုကျော်မင်းဆွေက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားထားသည်။
''တရားအစွဲခံရတဲ့ မီဒီယာတွေကို အီးယူက အကာအကွယ်ပေးမယ်ဆိုတဲ့သတင်းက ကိုယ့်နိုင်ငံမှာ နိုင်ငံသား သတင်းမီဒီယာသမားတွေအတွက် အားကိုးစရာ အကာအကွယ်ပေးမယ့် ဥပဒေမရှိသလို ဖြစ်မနေဘူးလား။ အဲဒီလိုသတင်းမျိုးထွက်လာ တယ်ဆိုကတည်းက ကျွန်တော်တော့ သိပ်ရှက်စရာကောင်းတယ်လို့ ချက်ချင်းတွေးမိတယ်။ သာမန်အားဖြင့် ကြည့်ရင်တော့ မီဒီယာသမားတွေကို အကူအညီပေးတာ ကောင်းတာပေါ့လို့ ပြောစရာရှိတယ်။ တကယ်တော့ ဒါ ရှက်စရာ အင်မတန်ကောင်းတယ်။ ကိုယ့်နိုင်ငံမှာ သတင်းမီဒီယာတာ ၀န်ထမ်းဆောင်နေတဲ့ သတင်းသမားတွေကို ကိုယ့်နိုင်ငံဥပဒေက အကာအကွယ်မပေးနိုင်ပါလားဆိုတဲ့ သိမ်ငယ်စရာအတွေးမျိုး ၀င်သွားနိုင်တယ်။ ဒီမိုကရေစီသက်ရင့်လာရင် နောင်မှာ ဥပဒေပြုလွှတ်တော်ဆိုတာရော၊ အစိုးရဆိုတာရောက တစ်ခါတလေသူတို့အချင်းချင်း အားပြိုင်နေတာနဲ့တင် သက်တမ်းတစ်ခု ကုန်သွားတတ်တယ်။ အဲဒီတော့ ပြည်သူလူထုအတွက်အား ကိုးအားထားပြုစရာဆိုလို့ တရား ရေးမဏ္ဍိုင်တစ်ခုပဲရှိတာ''ဟု ဆက်လက်ရေးသားထားသည်။
ထို့ပြင် ''ဒီကနေ့ ကျွန်တော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲမှာကော ပြည်သူလူထုက အားကိုးယုံ ကြည်ထိုက်တဲ့ တရားရေးမဏ္ဍိုင်ဖြစ်ပြီလား။ တရားရေးမဏ္ဍိုင်မှာရှိနေတဲ့သူတွေ ကိုယ့်ဘာသာ မေးကြည့်ကြဖို့ လိုတယ်။ ပြည်သူလူထုက မေး လာရင် လိပ်ပြာသန့်သန့်၊ ယုံကြည်ချက်အပြည့်နဲ့ မဆိုင်းမတွ အဖြေပေးနိုင်ဖို့ လိုတယ်''ဟု ၎င်း၏ Facebook စာမျက်နှာတွင် ဆက်လက်ရေးသားထားသည်။
''ဒီအမှုရဲ့ အမှားအမှန်ကို အမှုစစ်ဆေးစဉ်ဖြစ်လို့ ၀င်မပြောချင်ပါ ဘူး။ ဒါပေမယ့် ကိုကျော်မင်းဆွေအနေနဲ့ တရားမျှတမှုအတွက် မေးခွန်းထုတ်ခွင့် အယူခံခွင့်ရှိပါတယ်။ ကိုယ်မှန်တဲ့အရာတစ်ခု မှားတယ်လို့ အပြောခံရသလိုမျိုး စီရင်ချက်မှာသိ ရတဲ့အတွက် သူဒေါသထွက် စိတ်မကောင်းဖြစ်မိမှာပါ။ ကျွန်တော်တို့လည်း စီရင်ချက် ၄-၅-၁၀ခုလောက်မှာ မခံမရပ်နိုင်ဖြစ်မိတယ်။ ဒါပေမယ့် တရားရုံးအဆင့်ဆင့် အမှုအဆင့်ဆင့်မှာ ၇၀ ကျော်လောက်နီးပါး စီရင်ချက်တိုင်းလိုလို ကျွန်တော်တို့ကို အရှုံးပေးလိုက်တော့ ကျွန်တော်တော့ သူတို့ကိုကြည့်ပြီး ရယ်ချင်တော့တာပါပဲ။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း အစိုးရဌာနတွေက ကျွန်တော်တို့ကို တရားစွဲတာ ခံရတယ်။ ကျွန်တော်တို့ပဲ ရှုံးတယ်။ ပုဂ္ဂလိကတစ်ဦးချင်းကစွဲလည်း ကျွန်တော်တို့ ရှုံးတယ်။ ကျွန်တော်တို့က ပြန်တရားစွဲလည်း ကျွန်တော်တို့ ရှုံးတယ်။ ကိုယ့်ငွေအလွဲသုံးစားပြုလို့ တရားစွဲလည်း တရားရုံးပြင်ပ အဖွဲ့အစည်းအဆင့်ဆင့်က ရုံးကိုအထပ်ထပ်လာစစ်ပြီး အမှုရုတ်ဖို့ ဖိအားပေးခံရတယ်။ နောက်ဆုံးကျတော့လည်း တရားရုံးက တရားရှင် လွှတ်ပစ်လိုက်တယ်။ ဒါပေမယ့် ကျွန်တော်တို့အနေနဲ့ တရားစီရင်ရေးစနစ်ရဲ့ အတွင်းကျကျ အဂတိလိုက်စားမှုကို Investigative reporting လုပ်နိုင်တဲ့အထိ ကျွမ်းကျင်လာခဲ့တဲ့အတွက် ဒီငါးနှစ် တရားစီရင်ရေး အတွေ့အကြုံက တန်ဖိုးမဖြတ်နိုင်အောင်ပါပဲ။ လက်ရှိ တရားစီရင်ရေးမဏ္ဍိုင်ဟာ ပြုပြင်ရအခက်ခဲဆုံး၊ လူထုအတွက် အဖိစီးဆုံး၊ တိုင်းပြည်ရဲ့ အနာဂတ်အတွက် အန္တရာယ်အကြီးဆုံးဆိုတာ အစိုးရ၊ လွှတ်တော်၊ အတိုက်အခံ၊ လူထုအားလုံး သဘောပေါက်လာကြပါပြီ။ ကျွန်တော်တို့ သတင်းမီဒီယာတွေအနေနဲ့ တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားစွဲခံရမှာ အပြစ်ပေးခံရမှာ မကြောက်ဘဲ ရဲရဲဝံ့ဝံ့၊ ထဲထဲဝင်ဝင် ဖော်ထုတ် ရေးသားလာကြပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ ကြိုးစားခဲ့သမျှတွေအတွက် မကြာခင်မှာ လူထုအတွက် အကျိုးရှိလာပါလိမ့်မယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့သည်။
''ကိုကျော်မင်းဆွေကိစ္စကို ကျွန်တော်တို့ စာနယ်ဇင်းကောင်စီ(ယာယီ)အစည်းအဝေးမှာ ဆွေးနွေးချင်ပါတယ်။ ကျွန်တော်တို့ ဥက္ကဋ္ဌက အငြိမ်းစား တရားရုံးချုပ်တရားသူကြီးနဲ့ ဒုတိယရှေ့နေချုပ်ဖြစ်တဲ့အတွက် အခုကိစ္စဟာ ဖြစ်သင့်လား မဖြစ်သင့်ဘူး လားဆိုတာ သူက ပိုပြီးသိမှာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဥက္ကဋ္ဌရဲ့ သမာသမတ်ကျမှုကို သိရမှာပါ။ အခုဖွဲ့စည်းထားတဲ့ စာနယ်ဇင်းကောင်စီက မီဒီယာသမားတွေအပေါ် ဘယ်လိုကာကွယ်ပေးနိုင်မလဲဆိုတာ အားလုံးက စောင့်ကြည့်နေ ပါတယ်။ တကယ်လက်တွေ့ အကောင်အထည်မဖော်နိုင်ဘူးဆိုရင်တော့ မီဒီယာသမားတွေရဲ့ ယုံကြည်မှုနဲ့ အလှမ်းဝေးသွားမှာပါ''ဟု စာနယ်ဇင်းကောင်စီ(ယာယီ)၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုဇော်သက်ထွေး(မြန်မာစာနယ်ဇင်းသမဂ္ဂ)က ပြောပါသည်။
''ထက်ထက်မိုးဦးအမှုမှာ ဒဏ်ငွေတစ်ထောင်ပဲ ရိုက်ခဲ့တာ၊ ဦးမြတ်ခိုင်၊ ကိုကျော်မင်းဆွေတို့ကို စွဲချက်တင်ခဲ့တာ ဆက်တိုက်ဖြစ်စဉ်တွေကိုကြည့်ရင် တရားစီရင်ရေးမဏ္ဍိုင်အနေနဲ့ စာနယ်ဇင်းမဏ္ဍိုင်ကို check & balance လုပ်ပုံလုပ်နည်း မှားယွင်း မှုတွေ ရှိနေတယ်လို့ ခံစားရပါတယ်။ ဂျာနယ်လစ်တွေဟာ ဥပဒေအရ အခွင့်အရေးပေးခံရသူတွေ မဖြစ်ရပါဘူး။ ဒါပေမယ့် ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ဖိနှိပ်ခံရသူလည်း မဖြစ်သင့်ပါဘူး။ တရားရုံးအဆင့်ဆင့် အထက်အောက် ၀င်ရောက်စွက်ဖက်မှုတွေ၊ အုပ်ချုပ်ရေးမဏ္ဍိုင်က တရားစီရင်ရေးကို ၀င်ရောက်စွက်ဖက်တာတွေ ရပ်သင့်ပါပြီ။ စတုတ္ထမဏ္ဍိုင်ကိုအဓိက check & balance လုပ်ရမှာ တရားစီရင်ရေးမဏ္ဍိုင်ပါပဲ။ ဒါပေမယ့် Check & Balance ဆိုတာ ထိန်းချုပ်ဖို့၊ ဖိနှိပ်ဖို့ လုပ်တဲ့ လက်နက်တော့ မဖြစ်သင့်ဘူး''ဟု Eleven Media Group ၏ CEO ဖြစ်သူ ဒေါက်တာသန်းထွဋ်အောင်က ပြောကြားပါသည်။
မင်းသီဟဇော် 
ref: ELEVEN

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here