Thursday, September 20, 2012

ဇူးလူးနဲ့ ပတ်သက်၍ ကျနော် ပြောချင်သော စကားများ

0 comments
September 20,2012
တချို့သောသမိုင်းဆိုင်ရာ အချက်တွေကိုတော့ မိမိသိရှိရာ ထောင့်ကနေပြီးတော့ ဖြည့်ပေးရမယ်လို့ ယူဆပါတယ်။ ဒါက လည်း အခုအချိန်မှာ မကဒတနဲ့ ပတ်သက်ပြီးရှုပ်ထွေးနေမှုက တခုပြီးတခု ဖြစ်နေတယ်။ အမြင်တွေကလည်း ရှု့ထောင့် အမျိုးမျိုးက လာနေလို့ပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ရှုထောင့်တွေကိုလည်း လေးလေးစားစား ဖတ်ရှုရမှာဖြစ်သလို မိမိတို့ သိခဲ့ ဖြတ်သန်းခဲ့တာလေးတွေကိုလည်း ပြန်လည်ဝေငှပေးရမယ်လို့ ယူဆပါတယ်။ မကြာခင်ကပဲ ကိုထွန်းဦး (ဇူးလူး) နှင့် ကိုညိုမှိုင်းတို့ အဖမ်းခံရတဲ့သတင်းတွေ နဲ့ ပတ်သက်ပြီး ရေးတာသားတာတွေ့တချို့ ဖတ်လိုက်ရလို့ပါ။
နောက်ဆုံးတန်း အလယ်ဆုံးက ဇူးလူး (ခ) ကိုထွန်းဦး
ဒီနေရာမှာ ကျနော်က ကျနော် မှတ်မိသလောက်ကို ပြန်ပြောပြရတာမို့ အပြည့်အစုံ မဟုတ်ပေမဲ့ မူလကျောရိုးကတော့ အခိုင်အမာပါပဲဆိုတာလောက်ပဲ ပြောချင်ပါတယ်။ ကျနော်လို့ပဲ ဒီကိစ္စကို ကိုသီရိညွန့်တို့ ကိုကျော်ထင် (မင်းသမီး) တို့ ကလည်း ပြောပြနိုင်ပါတယ်။
ထွန်းဦးဟာ နောက်ဆုံး တော်လှန်သမားကောင်းတဦးအနေနဲ့ ကျဆုံးသွားရတာကိုတော့ ကျနော် တကယ်ပဲ လေးစား ဂုဏ်ယူတယ် ဆိုတာကို အရင်ဆုံး ပြောချင်တယ်။ ပြီးတော့ ဆန့်ကျင်ဖက်အုပ်စုလို့ ပြောလို့ရတဲ့ ထွန်းဦးကို ဗဟိုကော်မီ တီကနေ မှားယွင်းပြီး ပေးတော့မဲ့ ကြီးလေးတဲ့ အပြစ်ဒဏ်ကနေ ဘာကြောင့်ကံကောင်းထောက်မစွာ လွတ်လာခဲ့ရပါ သလဲ။ ဒီနေ့အထိ မသိသေးတဲ့သူတွေ အများကြီး ရှိနေပါသေးတယ်။
တကယ်ဆို ဇူးလူးဟာ ကျနော်အပါအ၀င် ၀င်းမိုး၊ အောင်နိုင်၊ ကိုကိုဦး လို့ ပြောကြတဲ့ ဗကသ နောက်ခံကနေလာကြတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အလွန်တိုက်ခိုက်တတ်သူ တယောက်ပဲဆိုတာ မကဒတ မှာ လုပ်ခဲ့ကြဖူးတဲ့ ဗဟိုကော် မီတီအများစုက သိကြပါတယ်။ မကဒတ စတင်ဖွဲ့စည်းစဉ် ကာလက လူတွေက တယောက်အကြောင်း တယောက်မသိ တဦးအရည်အချင်း တဦးမသိနဲ့ ပြိုင်ကြဆိုင်ကြတဲ့ ကာလတခုကို ဖြတ်သန်းခဲ့ရတယ်။
ပထမအကြိမ် ဗဟိုကော်မီညီလာခံ ကာလကပင် ရန်ကုန်ကိုအခြေခံပြီးလာတဲ့ ဗကသနဲ့ ဆက်စပ်နေကြတဲ့ ကျောင်းသား တွေကတဖက် ကရင်နယ်မြေ ဒေသအသီးသီးကလာတဲ့ စခန်းကိုယ်စားလှယ်တွေက တဖက်နဲ့ ဘက်နှစ်ဖက်လိုလို ဖြစ် ခဲ့ကြပြီး တဦးနဲ့တဦး အပြန်အလှန်လေးစားမှုတွေ ပျောက်ခဲ့ကြတယ်။ နောက်ဆုံး မွန်နယ်မြေကလာတဲ့ ကိုထွန်းအောင် ကျော် တို့ ကိုသန်းဝင်းတို့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးဖြစ်လာပြီး၊ ကိုဝင်မိုး က ဒုဥက္ကဋ္ဌ၊ ကိုအောင်နိုင် က တွင်း(၁)၊ ကျနော် က တွင်း(၂) ဖြစ်လာပေမဲ့ အုပ်စုနှစ်စုက သိသိသာသာကြီး ဖြစ်လာတယ်။ ဘာမှမဟုတ်တဲ့ အသေးအဖွဲကစလို့ အပြစ်ကြီး လုပ်ပြီး အင်အားကြီးတဲ့ ကရင်၊ ကချင် မဟာမိတ်တွေဆီကို မျက်နှာလို မျက်နှာရလုပ်ရင်း တဖြေးဖြေးဝေးလာကြတယ်။
အဲဒီလို အပြန်အလှန် တိုက်ခိုက်မှုတွေအထဲမှာ ဇူးလူးက အဆိုးဆုံးလို့ပြောရမယ်။ ကချင်ခေါင်းဆောင် ဒေါက်တာထူးဂျာ ပိုက်ဆံစိုက်ထုတ်ပြီး ဗဟိုရံပုံငွေရအောင် တော်လှန်ရေးဆန်ဆန် ပို့စကဒ်လေးတွေကို ရံပုံငွေရအောင်ရောင်းဖို့ ထုတ်ပေး ရှာပါတယ်။ တခုကို (၅) ဘတ်တန် ပို့စကဒ်ကိစ္စကအစ ၀င်းမိုး တို့ အုပ်စုက အလွဲသုံးစားလုပ်တယ်ဆိုပြီး မဲဆောက်မှာ စာတွေဖြန့်ဝေလာတဲ့အထိ ဇူးလူး က ဦးဆောင် လုပ်လာခဲ့ကြတယ်။
နောက်ဆုံး ပို့စကဒ်တွေကို ယူသွားတာ ကိုတင်မောင်စန်း ပါလို့ ဒေါက်တာထူးဂျာ ကိုယ်တိုင် ၀င်းရှင်းပေးလိုက်တော့ ကိစ္စကပြီးသွားတယ်။ နောက်တခုက ကိုအောင်နိုင် ကို ခွေးသူခိုးလို့ စွတ်စွဲတဲ့ကိစ္စတွေ ဆိုတာကလည်း မူကိုတိုက်တာ ထက် လူကိုတိုက်တာ ပိုများနေပါတယ်။ ဖြစ်ပုံက ကိုအောင်နိုင် နဲ့ ကိုမွန်းအောင်(အဆိုတော်) တို့က ထိုင်းဖက်ကမ်းမှာ စားသောက်ပြီး ပြန်အလာမှာ ခွေးကလေးတကောင်ကို ချစ်လို့ထင်ပါတယ် ယူလာတာကို အကြီးအကျယ်လုပ်ပြီး ခွေးသူ ခိုးအောင်နိုင် ဆိုပြီး ရဲဘော်တွေအကြားမှာ ၀ါဒဖြန့်ပြီး တိုက်ခဲ့ကြတယ်။
အဲသလိုလုပ်ရပ်တွေက မမှန်မှန်းသိပေမဲ့ တပ်ပေါင်းစုလူကြီးတွေကအစ မတားခဲ့နိုင်တာလား ဒါမှမဟုတ် လက်ရှိ အုပ်စု ကောင်းနေတဲ့ဖက်ကို ယိမ်းတာလား အလေးပေးတာလား တော့မသိဘူး။ ကျနော်တို့ဘက်မှာလည်း ကေအင်ယူအပေါ် မှာ အထင်လွဲခဲ့ကြတယ်။ ပြောရမယ်ဆိုရင် ကျနော်တို့ကို မကဒတ ဗဟိုရှိရာ ကရင်နယ်မြေမှာ လုံးဝအခြေချလို့ မရ အောင် လုပ်လိုက်တာပဲလေ။ အဲဒီနောက်ကွယ် ဇူးလူး သာမက ဗဟိုကော်မီတီဝင်တွေ အများစုပါဝင်နေလိမ့်မယ်လို ကျနော် ထင်ပါတယ်။
နောက်ဆုံး ကျနော်တို့ မဲဆောက်ကနေ ကားသုံးစီးနဲ့ ခွပ်ဒေါင်းအလံကိုလွင့်ပြီး မွန်နယ်မြေကို ရောက်ခဲ့ကြတယ်။ ကျနော့် စိတ်မှာဖြစ်နေခဲ့ရတာကတော့ ဘာဖြစ်လို့ဒီလူတွေဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသားအရေးအခင်းမှာ ဦးဆောင်ပါ ၀င်ခဲ့ကြသူတွေကို ပထုတ်နေတာလဲ။ နောက်ဆုံး Jealous ဖြစ်တယ်လို့သာ စိတ်မှာမှတ်ထားလိုက်ပါတယ်။ နောက်တ ခုက ဇူးလူး ဟာ မူလက တပ်ရင်း (၁၀၂) က ဖြစ်ပေမဲ့ ဒုတိယညီလာခံကျတော့ မိခင်စခန်းကို မလာတော့ဘဲ၊ သံလွင် စခန်း (၂၀၉) ကိုယ်စားလှယ်အဖြစ် တက်ခဲ့တယ်။ ဗဟိုကော်မီတီ ဖြစ်လာခဲ့ပြီး ဗဟိုရဲ့လုပ်ပိုင်ခွင့်ကိုသုံးကာ စခန်းကော် မီတီတွေကို အသိမပေးပဲ ကိုညိုမှိုင်းကို တပ်ရင်းကနေခေါ်ထုတ် ဗဟိုမှာ တာဝန်ပေးတဲ့ကိစ္စတွေကအစ တပ်ရင်း (၁၀၂) မှာ ပြဿနာတွေကို ထားခဲ့ဖူးပါတယ်။ ဒါကတော့ ကိုထွန်းဦး (ဇုးလူး) ရဲ့ နောက်ခံအနေအထားတချို့ ဖြစ်ပါတယ်။
ကဲ ဇူးလူး အဖမ်းခံရတာကတော့ ဗဟိုစစ်ကော်မရှင်ကကိုင်တွယ်တဲ့ ယူဂျီသတင်းပေါက်ကြားမှုနဲ့ ပတ်သက်တဲ့ ကိစ္စပါပဲ၊ မိမိတို့ဘက်လူတွေ အဖမ်းအဆီးခံရတယ်အပေါ်မှာ ဒီကစ္စကိုဘယ်သူ့ အားနည်းချက်ဖြစ်တယ်ဆိုတာကို ဗဟိုကော်မီ တီကို စစ်ကော်မရှင်က ချမပြခင်၊ ဇူးလူး၊ ကိုညိုမှိုင်း တို့ကို ဖမ်းဆီးထားပြီး အချုပ်ထားပြီးသား ဖြစ်ပါတယ်။
ကိုညိုမှိုင်းကို မာနယ်ပလောမှာရှိတဲ့ အချုပ်မှာထားရှိပြီး ဇူးလူးကိုတော့ အပြစ်ကြီးကြီး ရှိတဲ့လူတွေထားတဲ့ မာနယ်ပ လောနဲ့ သောလဲထ အသွား လမ်းမှာရှိတဲ့ လှေစစ်ဆေးရေးဂိတ်အနားက အချုပ်ထောင်ထဲမှာ ဖမ်းထားတယ်။
ဗဟိုကော်မီတီမှာ စစ်ကော်မရှင်တွေဖြစ်ကြတဲ့ ကိုမိုးသီး၊ ကိုနိုင်အောင်၊ ကိုကျော်ကျော်၊ ကိုလှဌေးတို့က တယောက်ပြီး တယောက် ဘာကြောင့် ဇူးလူး ကို ဖမ်းထားရတဲ့ အကြောင်းတွေကို ရှင်းပြကြပါတယ်။ အသေးစိတ်ကိုတော့ များလွန်းတဲ့ အတွက် ကျနော် အကုန်မမှတ်မိပေမဲ့ ဆိုက်ဖါလုံခြုံရေးမရှိလို့ (ဆိုက်ဖါပေါက်လို့) တာဝန်ခံဖြစ်တဲ့ ဇူးလူး ကို အရေးယူရ တာဖြစ်ကြောင်း သိရှိလိုက်ရပါတယ်။
အံသြစရာကောင်းတာက ဇူးလူး တို့ အမာခံခေါင်းဆောင်တွေလို့ ဆိုလိုရနိုင်တဲ့ ကိုနိုင်အောင်၊ ကိုကျော်ကျော် တို့ ငြိမ် ကုတ်နေကြတယ်။ ဇူးလူး ကို မျှတတဲ့အခွင့်အလမ်း (သို့) အကာအကွယ် လုံးဝမပေးတော့ဘဲ မင်းဖြစ်ချင်ရာဖြစ် ငါမဖြစ် ရင်ပြီးရော ဆိုတဲ့စိတ်ဓါတ်မျိုး ထားခဲ့ကြလေသလား မသိပါ။ အများစုက ဇူးလူးကို အပြစ်ပေးရေးအပေါ်မှာ စုစည်းနေ ကြပြီ။ ဇူးလူး၊ ကိုညိုမှိုင်းတို့မှာ ကယ်မဲ့သူဝေးနေပြီဆိုတာ သိလိုက်ရတော့ တရားကျမိသလို တကယ် တော်လှန်သမား တယောက် မလိုလားအပ်ဘဲ နစ်နာသွားမှာကို အထူးစိုးရိမ်မိခဲ့ပါတယ်။
ဗဟိုကော်မီတီ အစည်းအဝေးကို အတူလာခဲ့ကြတဲ့ ကျနော်တို့ တပ်ရင်း (၁၀၂) က ကိုယ်စားလှယ်ဖြစ်တဲ့ ကိုသီရိနဲ့ တိုင် ပင်ပြီး အမှန်တရားအတွက် ကြိုးစားလုပ်ခဲ့ပါတယ်။ အောင်မြင်မှုရတယ်လို့ ပြောရပါမယ်။ နောက်နေ့မှာ ဗဟိုကော်မီတီမှ ကိုအောင်ထူး ကို အဖွဲ့ခေါင်းဆောင်၊ ကျနော်ကို ဒုအဖွဲ့ခေါင်းဆောင်တာဝန်ပေးခဲ့ပြီး ဒီကိစ္စအတွက် ဗဟိုကော်မီတီကို အ စီရင်ခံဖို့ လုပ်ရပါတယ်။
ကျနော် မှတ်မိသလောက်ပြောရရင် ကျနော်တို့တင်တဲ့ အစီရင်ခံစာကို အဓိက မားမားမတ်မတ်ရပ်ပေးပြီး ဆွေးနွေးပေး သွားသူတွေကတော့ မင်းသမီးစခန်းက ကိုကျော်ထင်နဲ့ ကိုသီရိညွန့် ဖြစ်ပြီး နောက်ပိုင်း ဗဟိုကော်မီတီအများစုက ဇူးလူး နဲ့ ကိုညိုမှိုင်းကို ပြန်လွတ်ပေးဖို့ ဆုံးဖြတ်ချက်လည်းကျခဲ့ပါတယ်။ (ဒီနေရာမှာ ဗဟိုကော်မီတီဝင် ကိုကျော်ထင် ပတ်သက် ပြီး ကျနော် ရင်ထဲမှာရှိတာကို နည်းနည်းပြောခဲ့ချင်တယ်။ ကိုကျော်ထင်ဟာ ကျနော်တို့ နှစ်ဖွဲ့ကွဲတဲ့အခါ ကိုနိုင်အောင် ဗဟိုဘက်ကို ပါခဲ့ပေမဲ့ ဘက်နှစ်ဘက်စလုံးထဲက ကျနော်အလေးစားဆုံး သူတွေအထဲက သူတယောက်ပါပဲ၊)
နောက်ဆုံး ကေအင်ယူ အချုပ်ခန်းမှာရှိတဲ့ ဇူးလူး နဲ့ ကိုညိုမှိုင်းကို ဘယ်သူ့သွားထုတ်မလဲဆိုတဲ့ အခါကျပြန်တော့လည်း ကျနော်ပဲ တာဝန်ကျခဲ့တယ်။ ရှင်းရှင်းပြောရရင် ဗဟိုကော်မီတီအများစုဟာ ကေအင်ယူနဲ့ ထိပ်တိုက်တွေ့နိုင်တဲ့ ကိစ္စရပ် တွေမှာ လက်ရှောင်ကြလေ့ရှိပါတယ်။
သေဒဏ်ကျတဲ့သူ အများစုကိုထားလေ့ရှိရာ အချုပ်ခန်းကို ဇူးလူး ကို သွားထုတ်တော့ ကိုမောင်မောင်ကြီးက ဗဟိုရုံးအဖွဲ့ မှူး အနေနဲ့ ကျနော်နဲ့အတူ လိုက်လာခဲ့တာပါ၊ ဇူးလူး က သူမထင်မှတ်တဲ့သူတွေကို တွေ့လိုက်ရတော့ တအံတသြ ဖြစ် နေပုံ ရပါတယ်။ ကျနော်အထင် သူ့တို့အုပ်စုရဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ကိုနိုင်အောင်၊ ကိုကျော်ကျော် တယောက် ယောက် လာမယ်လို့ မျှော်လင့်ထားပုံရပါတယ်။ ကျနော်ကပဲ မင်းကို ငါ့တို့ ဒီနေ့ ဗဟိုကော်မီတီဆုံးဖြတ်ချက်နဲ့အတူ လာ ထုတ်တာပါလို့ ပြောလိုက်တယ်။
ကျနော်လည်း မထင်မှတ်ထားပါဘူး၊ မမျှော်လည်း မမျှော်လင့်ထားပါဘူး။ ဇူးလူးရဲ့ ၀မ်းသာဝမ်းနည်း ရောပြွန်းနေတဲ့ ကြားက ကျနေတဲ့ မျက်ရည်တွေကြားက အလေးပြုလိုက်တာကို ကျနော် မြင်လိုက်ရပါတယ်။ ကျနော်တို့ အပြန်အလှန် အလေးပြုပြီးတော့ သူက သူ့ကို ဗဟိုက နားလည်တဲ့အတွက် ၀မ်းသာကြောင်းကို ပြောပါတယ်။ သူဟာ တကယ်တော့ ဗဟိုကော်မီတီအစည်းအဝေးမှာ ဘယ်သူတွေက ဘယ်လိုရပ်တည်ချက်တွေနဲ့ ဆွေးနွေးခဲ့ကြတာကို မသိခဲ့ပါဘူး။ မသိခဲ့ တာက ခပ်ကောင်းကောင်းပဲလို့ ကျနော် ထင်ပါတယ်။ သူက အဲဒီလူတွေနဲ့ ဆက်တွဲပြီး အလုပ်လုပ်ရဦးမှာ မဟုတ်လား၊ ကျနော်မှာလည်း ဒါတွေကို လုပ်ပိုင်ခွင့်အရ ပြောပိုင်ခွင့်လည်း မရှိခဲ့ပါဘူး။
ကျနော်ရော ကိုမောင်မောင်ကြီးရော ဇူးလူး ကို ကြည့်ပြီး ၀မ်းနည်းဝမ်းသာ အတူဖြစ်ခဲ့ရပါတယ်။ ဇူးလူး အနေနဲ့ သူ့ကို လာထုတ်သူ၊ သူ့ကို မတရားအပြစ်ဒဏ်ခံရမဲ့ဘေးကလွတ်အောင် ရပ်ပေးခဲ့သူအထဲမှာ ကျနော် ပါမယ်လို့ သူဘယ်တုန်း ကမှ စိတ်ထဲမှာ ထင်ခဲ့မှာမဟုတ်ဘူးလို့ ကျနော် ထင်ပါတယ်။ ကျနော်လည်း တခါမှသူ့ကိုပြောဖို့ မကြိုးစားခဲ့ပါဘူး။
ကျနော်အထင် နောက်ဆုံး သူကျဆုံးသွားချိန်အထိတောင် ဒီအကြောင်းတွေ သူကောင်းကောင်း သိသွားမှာ မဟုတ်ဘူး။
ကျနော်ဖက်ကတော့ ရိုးရိုးလေးပါပဲ၊ ရှေးပိုင်းမှာဖေါ်ပြခဲ့သလို ဇူးလူး တို့ တိုက်ခိုက်ခဲ့တာကို အာဃာတ မထားခဲ့ဘူးဆိုတာ ကို ပြခွင့်ရယုံမျှမက တော်လှန်သမားတဦး ရှေ့ကိုဆက်ပြီး သူယုံကြည်တဲ့တော်လှန်ရေးကို လွတ်လွတ်လပ်လပ် ပြန်လုပ် ခွင့်ရခဲ့တဲ့အတွက် အများကြီး ၀မ်းသာပိတိဖြစ်ခဲ့ရကြောင်းပါ ခင်ဗျား။
ကိုကိုဦး (တပ်ရင်း ၁၀၂)

နေ့သစ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here