Thursday, September 20, 2012

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အမေရိကန်လွှတ်တော်မှ ပေးအပ်သည့် ဆုတံဆိပ်ကို လက်ခံရယူပြီးနောက် သမ္မတဘာရက်အိုဘားမားနှင့် တွေ့ဆုံ

0 comments
September 20, 2012


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ငြိမ်းချမ်းရေး နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလ ၁၉ ရက်နေ့တွင် အမေရိကန်လွှတ်တော်က ပေးအပ်သော ဆုတံဆိပ်ကို လက်ခံရယူပြီးနောက် အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
အမေရိကန် ကွန်ဂရက်လွှတ်တော်က ၂၀၀၈ ခုနှစ် မေလတွင် ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက် လွှတ်တော်၏ ရွှေတံဆိပ်ဆု ချီးမြှင့်ခဲ့သော်လည်း ထိုစဉ်က နေအိမ်အကျယ်ချုပ် ကျခံနေရသောကြောင့် လက်ခံရယူနိုင်ခဲ့ခြင်း မရှိခဲ့ပေ။ ယခုအခါ အမေရိကန် ပြည်ထောင်စုသို့ ၁၇ ရက်ကြာ ခရီးစဉ်ထွက်လာသော အခါတွင်မှ လက်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ဆုလက်ခံရယူသည့် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့နေရာအများအပြားတွင် ''လွတ်လပ်မှု ဆိုတာ အိပ်မက်တစ်ခုလိုပဲ ရှိနေပါသေးတယ်''ဟု ပြောကြားခဲ့ပြီး ''ဒီမိုကရေစီဟာ ကျွန်မတို့အားလုံးအတွက် မျှော်လင့်ချက် မီးရှူးတန်ဆောင်ပါပဲ''ဟု ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ညီညွတ်မှုရှိစွာ၊ ငြိမ်းချမ်းမှုရှိစွာဖြင့် ရှေ့ဆက်နိုင်မည်ဟု မျှော်လင့်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

ကွန်ဂရက်လွှတ်တော်၏ ရွှေတံဆိပ်ဆုကို အောက်လွှတ်တော်ဥက္ကဋ္ဌ ဂျွန်ဘိုနာက ပေးအပ်ခဲ့သည်။

လာမည့်နှစ်ပတ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ထိပ်တန်း အရာရှိများ နှင့်သာမက ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့်ပါ တွေ့ဆုံရန် စီစဉ်ထားသည်။

အမေရိကန်သို့ ရောက်ရှိပြီးနောက် စက်တင်ဘာလ ၁၈ ရက်နေ့တွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် တွေ့ဆုံခဲ့ပြီး ၀ါရှင်တန်ရှိ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျူတွင် မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းအချိန်တွင် မြန်မာနိုင်ငံအပေါ် အမေရိကန်က အရေးယူပိတ်ဆို့ထားမှုများ ထပ်မံဖြေလျော့ပေးရေးကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ပြီးနောက်ပိုင်း ပထမဆုံး ပြည်ပခရီးစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် ယခုနှစ်အစောပိုင်းတွင် ထိုင်းနိုင်ငံသို့ သွားရောက်ခဲ့ပြီး ဥရောပနိုင်ငံများသို့ပါ သွားရောက်ခဲ့သည်။ ယင်းခရီးစဉ် အတွင်း ၁၉၉၁ ခုနှစ်က ရရှိခဲ့သော ငြိမ်းချမ်းရေးနိုဗယ်ဆုကို ကိုယ်တိုင် လက်ခံရယူခဲ့သည်။

ယခုအမေရိကန်ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် မြန်မာနိုင်ငံမှ အမေရိကန်သို့ ရွှေ့ပြောင်းအခြေချသူ အများအပြားနေထိုင်ရာ နေရာတစ်ခုဖြစ်သော အင်ဒီယားနားပြည်နယ်ရှိ ဖို့တ်ဝိန်းသို့ သွားရောက်ရန် စီစဉ်ထားသည်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here