Thursday, September 20, 2012

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ အိုဘားမားတို့ အိမ်ဖြူတော်မှာ တွေ့

0 comments

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ယမန်နေ့ ဗုဒ္ဓဟူးနေ့ က အိမ်ဖြူတော် ဘဲဥပုံ ရုံးခန်း (Oval Office) မှာ ပုဂ္ဂလိက အနေနဲ့ တွေ့ဆုံကာ စကားစမြည်ပြောဆိုခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ရေခြားမြေခြားက သူစိမ်းတယောက်ကို ခွဲခြားဆက်ဆံမှုမရှိဘဲအခုလို အိမ်ဖြူတော် မှာ နွေးနွေး ထွေထွေးကြိုဆိုခဲ့တာကို ဘ၀မှာ မှတ်မှတ်ရရအဖြစ်ဆုံး နေ့တနေ့လို့ ဆိုလိုက်ပါတယ်။

“ကျမ နေအိမ်အကျယ်ချုပ် ကျခံရစဉ် ကာလတုန်းက မြင်ခဲ့တွေ့ခဲ့ရတဲ့သူတွေထဲက တချို့ကို အခု ကျမ လွတ် လာပြီး တဲ့ နောက်လည်း ထပ်တွေ့ရတယ်” လို့ ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် ကွန်ကရက် အမတ်တွေ ရဲ့ အားပေးထောက်ခံ မှုကို အသိအမှတ်ပြုတဲ့အနေနဲ့ ပြောလိုက်တာပါ။

သမ္မတ အိုဘားမားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ Oval Office မှာ တွေ့ဆုံစကားပြောဆိုချိန်ဟာ နာရီဝက်ကျော်ကြာပါတယ်။


ဒါပေမယ့် အိမ်ဖြူတော်မှာ ဒေါ်အောင်ဆန်းစုကြည်ကို လက်ခံတွေ့ဆုံခဲ့ကြတဲ့ဖြစ်စဉ်မှာ အမေရိကန်က မြန်မာ အစိုးရ နဲ့ ဆက်ဆံရေး တခုခု ဖြစ်မှာကို မလိုလားလို့ သတိထား လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။

Oval Office အနေနဲ့က နိုင်ငံခြား တိုင်းပြည်တွေရဲ့ သမ္မတွေ၊ ၀န်ကြီးချုပ်တွေ လာရင် လုပ်တဲ့ ပုံစံမျိုး တချို့ လိုတော့ လုပ်ဆောင်ထားပေမယ့် ငြိမ်း ချမ်းရေး နိုဗဲလ် ဆုရှင် ၂ ဦးတွေ့တဲ့ လက္ခဏာ ပုံစံကို ဖော်ကျူးထားတဲ့ သဘောပါဘဲလို့ ၀ါရှင်တန်ပို့စ်သတင်းစာကြီးက ဆို ပါတယ်။

အိုဘားမားကလည်း ၂၀၀၉ ခုနှစ်က ငြိမ်းချမ်းရေး နိုဗဲလ်ဆုကို ရခဲ့တာကြောင့်ဖြစ်ပါတယ်။

ဒီအပြင် သတင်းဓာတ်ပုံ သမားတွေကိုလည်း ပူးတွဲ မိတ်ဆက်သတင်းစကားပြောတဲ့အချိန်လေးပဲ ခဏတာ ၀င်ခွင့်ပေးခဲ့ တာပါ။ ရုပ်မြင်သံကြား ကင်မရာ သမားတွေ၊ ပုံနှိပ် မီဒီ ယာတွေက သတင်းထောက်တွေ ကိုတော့ ၀င်ခွင့် မပေးခဲ့ပါဘူး။

ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ကွန်ဂရက်စ်လွှတ်တော် ရွှေတံဆိပ်ဆု ပေးပွဲ အခမ်းအနား မှာ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီနဲ့ အတူ မိတ်ဆက်စကားတွေပြောကြရင်း သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ဆောင်မှုတွေကိုချီးမွမ်း စကားလည်း ဆိုခဲ့ပါသေးတယ်။

“အခုလို ဆုလက်ခံဖို့ လာရောက်နိုင်တာကလည်း သမ္မတ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးကို အလေးအနက် ထား လုပ် ဆောင်မှုကြောင့်ပါ” လို့ ဆုလက်ခံယူတဲ့ မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါ တယ်။

သမ္မတ ဦးသိန်းစိန်ကလည်း မကြာခင် နယူးယောက်ကို ကုလသမဂ္ဂအထွေထွေ ညီလာခံတက်ရောက်ဖို့ အမေရိကန် ပြည်ထောင်စုကို လာရောက်တော့မှာလည်းဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုလက်ခံတဲ့ ကျေးဇူးတင် စကားပြောကြားစဉ်မှာ အမေရိကန် အမတ်တွေ မျက်ရည်ကျသူကျနဲ့ ဖြစ်ခဲ့ကြရတာပါ။

“တနေ့မှာ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေး သူရဲကောင်း အောင်ဆန်းစုကြည်ကို ဒီ အမေရိကန် ကွန်ဂရက် လွှတ်တော်ကြီး မှာ ကျနော် ကြိုဆို ဂုဏ်ပြုနိုင်မယ်ဆိုတာ ကျနော် မျှော်လင့်ထားခဲ့တာပေါ့။ ဒါပေမယ့် မျှော်မှန်းထားခဲ့တာ မဟုတ်တာတော့ သေချာတယ်”လို့ အမေရိကန် ရီပတ်ဘလီကန်ပါတီ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း က ဆိုလိုက်တာပါ။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here