Friday, September 14, 2012

ထိုင်းနှင့် အင်ဒိုနီးရှားမှ အကြီးဆုံး ဘိလပ်မြေလုပ်ငန်းစုကြီး နှစ်စုက မြန်မာတွင် စက်ရုံတည်မည်

0 comments

အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံမှ အကြီးဆုံး ဘိလပ်မြေနှင့် ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းစုကြီး နှစ်ခုဖြစ်သော PT Semen Gresik နှင့် SCG တို့သည် မြန်မာနိုင်ငံတွင် တစ်နှစ်လျှင် တန်တစ်သန်းမှ တန်နှစ်သန်း ၀န်းကျင် ထွက်ရှိမည့် ဘိလပ်မြေစက်ရုံကြီးများ တည်ဆောက်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း ၅.၉.၁၂ ရက်က သိရသည်။ မြန်မာဈေးကွက်တွင် နာမည်ရပြီးဖြစ်သော SCG အနေဖြင့် ထိုင်းဘတ်ငွေ ၁၀ ဘီလျံ (ဒေါ်လာ ၃၁၄ သန်း) တန်ကြေးရှိ တစ်နှစ်လျှင် တန် ၁ ဒဿမ ၈ မှ ၁ ဒဿမ ၉ သန်းခန့် ထွက်သော ဘိလပ်မြေ စက်ရုံကြီးများကို တည်ထောင်သွားလိုကြောင်း သိရသည်။ SCG ၏ သတင်းထုတ်ပြန်ချက်အရ လျင်မြန်စွာ တိုးတက်လာဖွယ် ရှိသော မြန်မာ့ဆောက်လုပ်ရေး အခြေခံအဆောက်အအုံများအတွက် ဘိလပ်မြေ လိုအပ်ချက်မှာ များစွာ မြင့်တက် လာရန် ရှိနေသည်ဟု ဆိုသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံက ဖက်စပ်ကုမ္ပဏီတစ်ခုကို ရှာပြီးတော့ တစ်နှစ်ကို တန်တစ်သန်းလောက် ထွက်ရှိမယ့် ဘိလပ်မြေစက်ရုံ တစ်နှစ်အတွင်း ဖွင့်လှစ်သွားဖို့ စီစဉ်နေပါတယ်” ဟု PT Semen ၏ အမှုဆောင်ချုပ် Dwi Soetjipto က ပြောကြားသည်။ SCG တွက်ဆပုံ နည်းတူပင် PT Semen ၏ တွက်ဆချက်မှာလည်း မြန်မာ့ဖွံ့ဖြိုးမှု အခြေခံအတွက် ဘိလပ်မြေ လိုအပ်ချက်များစွာ ရှိနေသေးကြောင်း သိရသည်။ “တစ်နှစ်ကို ဘိလပ်မြေ တန်ခြောက်သန်း လိုအပ်တယ်လို့ ၂၀၁၁ ခုနှစ်က တွက်ထားကြပါတယ်” ဟု ပြည်တွင်းရှိ ဘိလပ်မြေလုပ်ငန်း အကြံပေးအရာရှိတစ်ဦးက ပြောကြားသည်။ အင်ဒိုနီးရှားနိုင်ငံမှ PT Semen အနေဖြင့် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာ ၁၅၉ သန်း ရင်းနှီးမြှုပ်နှံမည် ဖြစ်ကြောင်း သိရကာ နိုင်ငံနှစ်နိုင်ငံမှ လုပ်ငန်းကြီးနှစ်ခု၏ ရင်းနှီးမြှုပ်နှံငွေ ပမာဏမှာ ဒေါ်လာသန်း ၄၇၃ သန်းအထိ ရှိလာမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၃ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။
From : ခေတ်လူငယ်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here