Wednesday, September 12, 2012

ရေရှားပါးမှုက ကမ္ဘာကြီး မငြိမ်မသက် ဖြစ်အောင် ခြိမ်းခြောက်ဟု ကုလသမဂ္ဂ သတိပေး

0 comments


အလွန်အမင်း ဆိုးရွားလာသည့် ရေရှားပါးမှု အကျပ်အတည်းသည် ကမ္ဘာကြီး မငြိမ်မသက် ဖြစ်စေရန် ခြိမ်းခြောက်လျက် ရှိရာ အဆိုပါ ကိစ္စကို လုံခြုံရေး ကောင်စီနှင့် ကမ္ဘာ့ ခေါင်းဆောင်များ ဦးစားပေး ဖြေရှင်းရမည် ဖြစ်သည်ဟု ကုလသမဂ္ဂ ပညာရှင်များ အဖွဲ့က အစီရင်ခံစာ တစ်ရပ် ထုတ်ပြန်လိုက်ကြောင်း ဘန်ကောက်ပို့စ် သတင်းစာက ရေးသား ဖော်ပြသည်။

ကမ္ဘာပေါ်တွင် ရေပေးဝေ ဖြန့်ဖြူးမှု လျော့ကျ လာခြင်းကြောင့် လုံခြုံရေး၊ ဖွံ့ဖြိုးရေးနှင့် လူမှုရေး ဆိုင်ရာ ပြဿနာများကို ဆိုးရွားစွာ ဖြစ်ပေါ်စေကြောင်း၊ ထို ပြဿနာကြောင့် ကမ္ဘာလုံး ဆိုင်ရာ ကျန်းမာရေး၊ စွမ်းအင် သိုလှောင်ရေး နှင့် စားနပ် ရိက္ခာ ထောက်ပံ့ရေး အစရှိသည်တို့ အပေါ် ဂယက် ရိုက်ခတ်လာနိုင်ကြောင်း "ကမ္ဘာလုံးဆိုင်ရာ ရေအကျပ်အတည်း သို့မဟုတ် မဖြစ်မနေ ဖြေရှင်းရမည့် အရေးပေါ် လုံခြုံရေး ကိစ္စ" ဟု ခေါင်းစဉ် ပေးထားသည့် အဆိုပါ ပညာရှင်များ၏ အစီရင်ခံစာက ဆိုသည်။

"ရေ အကျပ်အတည်း ဖြစ်နေသည့် နိုင်ငံများ အနက် အချို့မှာ နိုင်ငံရေးအရ တည်ငြိမ်မှု မရှိကြပါ။ ထိုသို့သော အခြေအနေများက သက်ဆိုင်ရာ နိုင်ငံရေး နယ်နိမိတ်များကို ကျော်လွန်ပြီး ဒေသတွင်း မကောင်းသော ရလဒ်များကို သွယ်ဝိုက်သော အားဖြင့် ဖြစ်ပေါ်စေနိုင်သည်" ဟု နော်ဝေ ဝန်ကြီးချုပ်ဟောင်း Gro Harlem Brundtland က အစီရင်ခံစာတွင် ထည့်သွင်း ရေးသားသည်။ ရေရှားပါး ပြတ်လပ်မှု အကျပ်အတည်း အဓိက ဖြစ်ပေါ်နေသည့် နေရာများတွင် အာဖရိက ပူးတွဲ ဆဟာရ ဒေသ၊ အာရှ အနောက်ပိုင်း ဒေသနှင့် မြောက်အာဖရိက ဒေသ တို့သည် အဆိုးရွားဆုံး ဖြစ်ကြောင်း ကုလသမဂ္ဂ ပညာရှင်များ အဖွဲ့က အစီရင်ခံစာတွင် ထောက်ပြထားသည်။

"နောင် အနာဂတ်မှာ နိုင်ငံရေးအရ တည်ငြိမ်မှု ရှိတဲ့ ဒေသ တွေမှာတောင် ရေပြတ်လပ်မှု ပြဿနာရဲ့ ဂယက် ရိုက်ခတ်မှုတွေကို ဆိုးဆိုးရွားရွား ဖြစ်ပေါ် လာနိုင်ပါတယ်"ဟု ၎င်းက ပြောကြားသည်။ လာမည့် ဆယ်စုနှစ် ၂ ခု မပြည့်မီ ကာလအတွင်း ကမ္ဘာ့လူဦးရေ အများဆုံး နိုင်ငံများဖြစ်သော တရုတ်နှင့် အိန္ဒိယတို့တွင် ရေသုံးစွဲမှုက ရရှိနိုင်မှုထက် ကျော်လွန် သွားလိမ့်မည် ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းရှိ ဂေဟ စနစ်များမှ နှစ်စဉ် ထုတ်ယူ သုံးစွဲသော ရေချို ပမာဏမှာ ၃၈၀၀ ကုဗကီလိုမီတာ ရှိကြောင်း၊ ကမ္ဘာ့လူဦးရေ တိုးမြင့်လာမှု ကလည်း ရေအရင်းအမြစ်များကို ပိုမို ဆိုးရွားစွာ ထိခိုက်စေကြောင်း အစီရင်ခံစာက ဖော်ပြသည်။
From : the voice

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here