Friday, September 14, 2012

မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား လေကြောင်းကုန်စည်စီးဆင်းရာ အဓိကလေဆိပ်ကြီးအဖြစ် ဆောင်ရွက်မည်

0 comments


မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား ဒေသတွင်းနိုင်ငံများအကြား လေကြောင်းကုန်စည် စီးဆင်းရာ အဓိကလေဆိပ်ကြီးအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် လေကြောင်းနှင့် ထောက်ပံ့ရေးဆိုင်ရာ ဆုံရပ် (Aviation & Logistics Hub) တစ်ခုအဖြစ်သို့ ရောက်ရှိစေရေးအတွက် ပုဂ္ဂလိကအခန်းကဏ္ဍကို ပါဝင်ဆောင်ရွက်ခွင့် ပြုသွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည့် နေပြည်တော် ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲမှ သတင်း ရရှိသည်။ ပထဝီအနေအထားအရ အချက်အချာကျပြီး လေကြောင်းကုန်စည် စီးဆင်းရာ အဓိကလေဆိပ်နှင့် လေကြောင်းထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ ဆုံရပ်အဖြစ် ဆောင်ရွက်ရန် အပိုင်း ၆ ပိုင်းခွဲ၍ ဆောင်ရွက်သွားမည်ဖြစ်ပြီး ပုဂ္ဂလိကကဏ္ဍ ပါဝင်နိုင်စေရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။ အကြိုအရည်အချင်း စစ်ဆေးခြင်းအတွက် ပုဂ္ဂလိကသို့ တင်ဒါခေါ်ယူခြင်းဖြစ်ပြီး တစ်လအတွင်း တင်သွင်းရမည်ဖြစ်သည်။ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တရုတ်၊ ဂျပန်၊ ကိုရီးယား စသည့် အာရှဒေသ တွင်း နိုင်ငံများသို့ ကုန်စည်ကူးသန်း ပို့ဆောင်ရာတွင် အဓိက အချက်အချာ ဆုံရပ်တစ်ခုဖြစ်ပြီး ဧရိယာအကျယ် အဝန်းအားဖြင့် ၂၇၅၄၄ ဒသမ ၇၄ ဧက ရှိကာ ကမ္ဘာပေါ်တွင် ဒုတိယအကြီးဆုံး စာရင်းဝင်လည်း ဖြစ်နေ သည်။ လေယာဉ်ပြေးလမ်းမှာလည်း ပေ ၁၄၀၀၀ ရှည်ကာ ကမ္ဘာ့အရှည်ဆုံး လေယာဉ်ပြေးလမ်းများတွင် ပါဝင်နေသည်။ လေယာဉ်ရပ်နားနိုင်သည့် ဧရိယာမှာ ၂၀၀၀x၈၀၀ ပေဖြစ်သည်။ လက်ရှိ လေဆိပ်လုပ်ငန်းများကို ၃၆၈၂ ဧကပေါ်တွင် ဆောင်ရွက်ထားခြင်းဖြစ်ပြီး လေဆိပ်လုပ်ငန်းများ၊ လေကြောင်းကုန်စည် ပို့ဆောင်ရေး လုပ်ငန်း များ၊ လေကြောင်းဖွံ့ဖြိုးရေး လုပ်ငန်းများကို ယင်းဧရိယာအတွင်း ပုဂ္ဂလိကကဏ္ဍ ပါဝင်ဆောင်ရွက်ခွင့်ပြု မည်ဖြစ်သည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးကို ၁၉၉၆ ခုနှစ် မေလ ၁၇ ရက်တွင် Country Project အနေဖြင့် စတင်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၀၀ ပြည့်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

From : မြ၀တီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here