Tuesday, September 18, 2012

နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် NDAA (မိုင်းလား)အဖွဲ့ ဒုဥက္ကဋ္ဌ ဦးစံပေ့တို့ တွေ့ဆုံ

0 comments


စက်တင်ဘာလ(၁၈)
စက်တင်ဘာလ ၁၆ ရက်နေ့မှာ နိုင်ငံတော်ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းဟာ ရှမ်းပြည်နယ် ၀န်ကြီးချုပ် အပါအ၀င်တာဝန်ရှိသူတွေနဲ့အတူ NDAA (မိုင်းလား) အဖွဲ့မှ ဒုက္ကဋ္ဌ ဦးစံပေ့ နဲ့အဖွဲ့တွေကို ကျိုင်းတုံမြို့၊ ရွှေတြိဂံရိပ်သာဧည့်ခန်းမမှာ လက်ခံတွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာတော့ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက သဘာဝဘေးဒဏ်ကြုံတွေ့ခဲ့ရသည့် ဒေသ များရဲ့အခြေအနေ၊ နိုင်ငံတော်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်နေမှုလုပ်ငန်းစဉ်တွေ၊ မိုင်းလားအဖွဲ့ အနေနဲ့ ဆောင်ရွက်သင့်တဲ့ လုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဆက်လက်လုပ်ဆောင်ရ မှာတွေကို ဆွေးနွေးခဲ့ပါတယ်။
အဲဒီနောက် မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစံပေ့နဲ့ ဒုစစ်ဦးစီးမှူးအဆင့်ရှိတဲ့ ဦးခမ်းမောင်တို့မှ မိုင်းလားအဖွဲ့ရဲ့ တင်ပြတောင်းဆိုလိုသည့်အချက်တွေ၊ လျှပ်စစ်ဌာနကြီးမှူး ဦးလှသောင်းမှ မိုင်းလားအဖွဲ့ နယ်မြေ မိုင်းဝ/ကျိုင်းခမ်းဒေသမှာရှိတဲ့ မိုင်းဝရေအားလျှပ်စစ်စီမံကိန်းအား လက်ရှိဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ဆွေးနွေးခဲ့ပါတယ်။
ဆက်လက်ပြီး နယ်စပ်ရေးရာ ဒုဝန်ကြီးမှ မိုင်းလားအဖွဲ့နဲ့ ပြည်နယ်/ပြည်ထောင်စု အဆင့် တွေ့ဆုံဆွေးနွေးစဉ် နှစ်ဘက်သဘောတူညီခဲ့သည်များအပေါ် နိုင်ငံတော်အနေနဲ့ ဆောင်ရွက်ထားရှိခဲ့မှုအခြေအနေတွေကို ရှင်းလင်း တင်ပြခဲ့ပြီးတော့ နိုင်ငံတော်မှ မိုင်းလားအဖွဲ့အတွက် ထောက်ပံ့ပေးသည့် ငွေကျပ် သိန်း(၂၀၀)ကို မိုင်းလားအဖွဲ့ ဒုဥက္ကဋ္ဌ ဦးစံပေ့ထံသို့ ပေးအပ်ခဲ့ပါတယ်။
တွေ့ဆုံဆွေးနွေးအပြီးမှာတော့ နိုင်ငံတော်ဒုတိယသမ္မတနဲ့အတူ မိုင်းလားအဖွဲ့မှ ဒုဥက္ကဋ္ဌ နဲ့ အဖွဲ့တွေဟာ ကျိုင်းတုံမြို့ ပြည်ငြိမ်းအေးခန်းမမှာ ညစာသုံးဆောင်ခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြတယ်လို့ ရှမ်းသတင်းဌာန သတင်းထောက်မှ ပေးပို့ထားပါတယ်။

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here