Tuesday, November 27, 2012

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်း ယနေ့ည ၁၂ နာရီနောက်ဆုံးထား ဖယ်ရှားဖို့ သတိပေးပြီ

0 comments
နိုဝင်ဘာ(၂၇)

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေရှိ ဖွင့်လှစ် ထား သည့် သပိတ်စခန်းများ ယနေ့ည ၁၂ နာရီ နောက်ဆုံးထား ဖယ်ရှားပေးရန် နှင့် ဖယ်ရှားခြင်းမပြုပါက တည် ဆဲဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဟု ယနေ့ည ၈ နာရီ သတင်းတွင်ထုတ်ပြန်ကြေညာသွားသည်။

သပိတ်စခန်းများ ဖယ်ရှားပေးရန် သတိပေးရသည့် အကြောင်းရင်းမှာ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် သဘာဝပတ်ဝန်းကျင်၊ ဒေသခံတို့၏ လူနေမှုဘ၀၊ နိုင်ငံအကျိုးစီးပွားတို့ ရေတို ရေရှည် ထိခိုက်မှု အကျိုးရှိခြင်းနှင့် ပတ်သက်၍ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်းစစ်ဆေးမည်ဟု ဖေါ်ပြကာ ယင်းသို့ စစ်ဆေးနိုင်ရန် အလို့ငှာ စီမံကိန်းပုံမှန်လည်ပတ်နေမှသာ စစ်ဆေးနိုင်မည်ဖြစ်ကြောင်းနှင့် သပိတ်စခန်း များဖွင့်လှစ်ထားပါက စစ်ဆေးခြင်း မပြုနိုင်ဟု ဖေါ်ပြထားသည်ကို တွေ့ရသည်။

သပိတ်စခန်းများ ဖွင့်လှစ်ထားသဖြင့် ကြေးနီစီမံကိန်း ယခုလ ၁၈ ရက်နေ့ကတည်းက မလည် ပတ်နိုင်ကြောင်းနှင့်  စုံစမ်းစစ်ဆေးရေး ပြုလုပ်နိုင်ရန် သပိတ်စခန်းများ ဖယ်ရှားဖို့ လိုအပ်ခြင်းဖြစ်သည်ဟု လည်း မြန်မာ့ရုပ်မြင်သံကြား သတင်းကြေညာ ချက်တွင် ပြောဆိုသွားသည်။

လက်ပံတောင်းတောင် ကြေးနီးစီမံကိန်း နှင့် ပတ်သက်၍ ယမန်နေ့က ရန်ကုန်မြို့တွင် ဆန္ဒပြခဲ့ကြသည့် တက်ကြွလှုပ်ရှားသူ အနည်းဆုံး ၆ ဦးကို နိုင်ငံတော် အသရေဖျက်မှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်လှစ်ကာ ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်သို့ ယနေ့ပို့ဆောင်လိုက်ကြောင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့သည့် အမျိုး သမီး ကွန်ရက်ဝင်တစ်ဦးက ပြောသည်။


မုံရွာမြို့ ချင်းတွင်းမြစ် ကမ်းနားတားရိုးပေါ်က သံဃာတော်များ၏ ထိုင်သပိတ်စခန်း ။  ။ Photo Credit : Aung Nay Myo 
သစ်ထူးလွင်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here