Wednesday, November 28, 2012

မှုခင်းရဲတပ်ဖွဲ့ (CID) ၏ ဓာတ်ခွဲစမ်းသပ်မှု နည်းပညာ (DNA) နှင့် လက်ဗွေစစ်ဆေးမှု အပိုင်းတို့တွင် အားနည်းမှုများရှိနေ၍ ရဲတပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံများသို့ ပညာသင်စေလွှတ်မည်

0 comments
နိုဝင်ဘာ(၂၈)

ha-28-11-6
မင်္ဂလာတောင်ညွန့်မြို့နယ် ကူးတို့ဆိပ်ရပ်ကွက်တွင် မီးလောင်ပေါက်ကွဲမှုဖြစ်စဉ်အား စစ်ဆေးနေသည့် CID ရဲတပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ်

မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ မှုခင်းရဲတပ်ဖွဲ့(CID) တွင် လုပ်ငန်းစဉ်ဖြစ်သည့် ဓာတ်ခွဲစမ်းသပ်မှု နည်းပညာ (DNA) နှင့် လက်ဗွေစစ်ဆေးမှု အပိုင်းတို့တွင် အားနည်းမှုများရှိနေသောကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များကို ပြည်ပနိုင်ငံများရှိ ရဲတပ်ဖွဲ့ ဝင်သင်တန်းများသို့ ပညာသင်စေလွှတ်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဌာနချုပ်မှ ရဲချုပ်ကျော်ကျော်ထွန်းက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့်  ၁၉၈၈ ခုနှစ်မှစတင်ပြီး နိုင်ငံတကာတွင်ရှိသည့် ရဲတပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး သင်တန်းကျောင်းများသို့ စေလွှတ်သင်ကြားမှုများ ပိတ်ပင်တားမြစ်ခံခဲ့ရပြီး ယခု ၂၀၁၂ ခုနှစ်အတွင်းမှ စတင်၍ ပြန်လည်ခွင့်ပြုခဲ့ကြောင်း သိရသည်။
ရဲချုပ်ကျော်ကျော်ထွန်းက “CID ရဲတပ်ဖွဲ့အနေနဲ့ လိုအပ်ချက်တွေ ရှိတယ်။ ဒါ့ကြောင့် လတ်တလော အစီအစဉ်ရတော့ အာရှနိုင်ငံတွေကို အရင်ဆုံး ပညာသင်လွှတ်သွားမယ်။ အဲဒီနိုင်ငံတွေမှာရှိတဲ့ သင်တန်းကျောင်းတွေ အများစုက အမေရိကန်ရဲ့ ထောက်ပံ့မှုတွေနဲ့ ရပ်တည်နေကြ တာ ဖြစ်တယ်။ နောက်အခါကျရင် အမေရိကန်နဲ့ တိုက်ရိုက်ချိတ်ဆက်ပြီးတော့ သင်တန်းတွေ တက်ရောက်သွားဖို့ အစီအစဉ်ရှိပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ နိုင်ငံတကာမှာရှိတဲ့ ရဲတပ်ဖွဲ့ဝင် သင်တန်းတွေနဲ့ ပတ်သက်ပြီးတော့ ၁၉၈၈ ခုနှစ်ကနေစပြီး တက်ရောက်မှုတွေကို ပိတ်ပင်တားမြစ်ခံခဲ့ရတယ်။ အခုတော့ ပြန်ပြီးတက်ရောက်ခွင့် ရပါပြီ” ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေဖြင့် လိုအပ်ချက်များစွာ ရှိနေသဖြင့် ပြင်ဆင်ဖြည့်ဆည်းမှုများကို နှစ်ချီပြီး ဆောင်ရွက်ရမည့်အပြင် နိုင်ငံတကာ၏ ထောက်ပံ့မှုများလည်း လိုအပ်နေကြောင်း ရဲချုပ်က ဆက်လက်ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မြို့နယ် ရဲစခန်းပေါင်း ၃၃၀ ရှိပြီး ရဲတပ်ဖွဲ့ဝင်အင်အား ၁၁၀၀၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။
ELEVEN

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here