Wednesday, December 12, 2012

ကျိုင်းတုံ သျှမ်းနှစ်သစ်ကူးအထူးပွဲတော်အတွက် ကာတွန်းဆရာဟန်လေး ဦးဆောင်ပြင်ဆင်

0 comments
ဒီဇင်ဘာ(၁၂)

ဒီဇင်ဘာ ၁၄ ရက်နေ့ ကျရောက်သော ၂၁၀၇  သျှမ်းနှစ်သစ်အား သံလွင်အရှေ့ခြမ်း ကျိုင်းတုံမြို့၌ သျှမ်းတမျိုးသားလုံး စုပေါင်းကျင်းပမည်ဖြစ်ရာ ပွဲတော်အပြင်အဆင်များအား ကာတွန်းဆရာဟန်လေးက ဦးဆောင်ပြင်ဆင်နေကြောင်း ကြားသိရပါသည်။
Pe-Mai-Tai

“ကျနော်တောင်ကြီးကနေကျိုင်းတုံကို ရောက်တာနည်းနည်းနောက်ကျသွားတယ်။ အပြင်အဆင်အတွက် အရမ်းလော ရဒါလေ။ ကျနော်တို့ စတိတ်စင် ၅ ခု လုပ်တယ်၊ ခေတ်သစ် ခေတ်ဟောင်းတေးသီချင်းအတွက် နဲ့ တခြား သံလွင်အရှေ့ခြမ်း ရိုးရာဆောတို့ ဆင်တို့  သီချင်းကြီးတွေအဓိက ဆိုတဲ့အထူး သီးသန့်  စင်ပေါ့။” - ဟု ကာတွန်းဆရာဟန်လေးက ပြောပါသည်။

ဒီဇင်ဘာ ၁၂ ရက်မှ ၁၄ ရက်နေ့အထိ သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ သျှမ်းနှစ်သစ်ကူး အထူးပွဲတော်ကိုသုံးရက်ကြာကျင်းပ ရန် ပြင်ဆင်နေခြင်းဖြစ်ပါသည်။

ပွဲတော်အပြင်အဆင်အတွက် ကာတွန်းဆရာဟန်လေးအပြင် ကာတွန်း၊ ပန်းချီ၊ ပန်းပု ပညာရှင် ဆရာဟတ်ဟိုင်း နှင့် ဆရာစိုင်း ထွန်းလှ တို့လည်းပါဝင်သည်။

ပွဲတော်ပြခန်း၌ ကျိုင်းတုံမြို့  သမိုင်းပြခန်း၊ ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းမှ တိုင်းလျန် (သျှမ်းနီ) ယဉ်ကျေး မှုအဖွဲ့ အင်အား ၄၀ ခန့်လည်း ပြခန်းနှင့်တကွ လာရောက်ပြသပါဝင်ကြောင်း၊ ထို့အတူ ချင်းမိုင် သျှမ်းယဉ်ကျေးမှု အဖွဲ့ကလည်း ကိန္နရီ ၆ ကောင်၊ တောင်ကြီးသျှမ်းစာပေယဉ်ကျေးမှုမှ တိုးနယား ၆ ကောင် အပြင် ဖိတ်ကြားထားသော စာပေယဉ်ကျေးမှုအဖွဲ့များမှလည်း တမြို့နယ်လျင် တိုးနယား နှင့် ကိန္နရီ တစုံစီ လာရောက်ပူးပေါင်းမည်ဟုဆိုပါသည်။ ကျိုင်းတုံမြို့အတွင်း၌လည်း   တရွာလျင် တစုံစီ လာရောက်ပူးပေါင်းမည်ဖြစ်ရာ  ကိန္နရီ ကိန္နရာ တိုးနယား သုံးရာခန့်ဖြင့် ဖွင့်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်သည့် စိုင်းဆိုင် ကပြောပါသည်။

“အခု စာပေဟောပြောပွဲအတွက် ပညာရှင်တွေ၊ ခေတ်သစ်ခေတ်ဟောင်းအဆိုတော်တွေ၊ ဆုချီးမြင့်ဖို့ ပင့်ဖိတ်ထားတဲ့ သံဃာတော် တွေ တော်တော်များများရောက်နေပြီ။ နက်ဖြန် မနက်ပိုင်းဖွင့်ပွဲ လုပ်တော့မှာလေ” - ဟု ဆက်ပြောပါသည်။

သျှမ်းနှစ်သစ်ကူးပွဲတော်သည် နှစ်စဉ်  မြန်မာလ  နတ်တော်လဆန်း ၁ ရက်နေ့ ၌ အမြဲ ကျရောက်သည်။

၂၁၀၇ ခု သျှမ်းနှစ်သစ်ကူးပွဲတော်အား ကျိုင်းတုံမြို့တမျိုးသားလုံးစုပေါင်းပွဲအပြင် သျှမ်းပြည်နယ်မြို့နယ်အနှံ့၊ ရန်ကုန်၊ မန္တလေး၊ ပဲခူးတိုင်း တောကျွဲအင်း ၊တိုက်ကြီး မြို့နယ်၊ ပြည်ပတွင်မူ ထိုင်းနိုင်ငံ ချင်းမိုင်၊ ချင်းရိုင်း၊ ဘန်ကောက်၊ လွယ်ကော်ဝမ်း၊ လွယ်တိုင်းလျဲန်း၊ ကောင်းမုန့်မိန်း … ၊  ဂျပန်နိုင်ငံ၊ စင်္ကာပူ၊ မလေးရှားနိုင်ငံတို့တွင်သာမက  အနောက်တိုင်းရှိ အင်္ဂလန်နှင့် USA တို့တွင်လည်း အသီးသီးကျင်းပရန်ပြင်ဆင်နေကြပါသည်။


သျှမ်းသံတော်ဆင့် 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here