Monday, December 3, 2012

မြန်မာထောင်မှ ဘင်္ဂလီအကျဉ်းသား ၂၄၄ မှ ၁၂ ဦးလွှဲအပ်

0 comments
ဒီဇင်ဘာ(၃)


မြန်မာဘင်္ဂလာနယ်စပ်လုံခြုံရေးတပ်ဖွဲ့များဖြစ်သောနစကBGBတို့အကြား တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို မောင်တောမြို့ ဒေ၀နဒီခန်းမ တွင်ပြုလုပ်ပြီး မြန်မာထောင်အတွင်း ဘင်္ဂလီအကျဉ်းသား ၂၄၄ ဦးမှ ၁၂ ဦးအား ယမန်နေ့က သက်ဆိုင်ရာသို့ လွဲပြောင်း လိုက်ကြောင်း မောင်တောမြို့နယ် လုံခြုံရေးအရာရှိတဦးက သတင်းပေးပို့သည်။

ယင်းဆွေးနွေးပွဲကို နစကဘက်က လ၀က အရာရှိ ဦးဦးစိန် ဦးဆောင်တက်ရောက်ခဲ့ပြီး ဘင်္ဂလာဘက်က BGB အမှတ် ၄၂ တပ်ရင်းမှ အရာရှိ ကာမ်ရုလ် ဟာဆာန် ဦးဆောင်ပြီး အဖွဲ့ဝင် ၅ ဦး တက်ရောက်ခဲ့ကြောင်း ဆိုသည်။

ယင်း နစက-BGBတို့အကြား နယ်စပ်လုံခြုံရေးကိစ္စ၊ စီးပွားရေးကိစ္စ၊ မှောင်ခိုနှင့် မူးယစ်ဆေးဝါးများကိစ္စနှင့် တခြားကိစ္စများကို ပူးပေါင်းဆောင်ရွက်ကြရန်နှင့် နစက-BGBတပ်ဖွဲ့တို့အကြား ချစ်ကြည်ရေးအနေဖြင့် တွေ့ဆုံပွဲများ မကြာခဏပြုလုပ်ရန် လိုအပ်သည်ဟု ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

နစက-BGBတို့အကြား ယင်းဆွေးနွေးပွဲကို မြန်မာစံတော်ချိန် နံနက် ၁၀နာရီမှ ၁၂နာရီအထိပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲတွင် BGBက တောင်းဆို၍ နစကဘက်က သဘောတူညီချက်အရ ဘင်္ဂလီငါးဖမ်းသမား ၁၂ ဦးအား တရားဝင် လွဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရသည်။

BGB တပ်ဖွဲ့အနေဖြင့် ညနေဖက် ၄ နာရီတွင် ပြန်လည်ထွက်ခွာသွားကြောင်းနှင့် နစကလွဲပြောင်းပေးလိုက်သော ယင်းငါးဖမ်းသမားများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ပြီး မိမိနေအိမ်သို့ စေလွှတ်လိုက်ကြောင်း ဒေသသတင်းများက ဆိုသည်။

နစကက ယင်းငါးဖမ်းသမား ဘင်္ဂလီ ၁၂ ဦးအား လွန်ခဲ့သော သြဂုတ် ၂၆ ရက်နေ့က ရခိုင်ပြည်နယ် ရေပိုင်နက်တွင် ငါးခိုးဖမ်းနေစဉ် ဖမ်းဆီးယူဆောင်ခဲ့ကြောင်းနှင့် မြန်မာ အနေဖြင့် ၂၀၀၉ ခုနှစ်မှ ၂၀၁၂ ခုနှစ်အထိ ဘင်္ဂလီအကျဉ်းသား ၂၃၂ ဦးအား အကျဉ်းချ ပိတ်ဆို့ထားသေးကြောင်း ဒု-တပ်ရင်းမှူး ဆော်ဖိကူရ် ရော်ဟ်မာန်က ဒေသခံသတင်းထောက်များသို့ ယမန်နေ့က ထုတ်ဖေါ်ပြောဆိုလိုက်သည်။

ဘင်္ဂလာထောင်အတွင်း မြန်မာနိုင်ငံသားများရှိနေကြောင်း သက်ဆိုင်ရာက စာရင်းများ အတိအကျပြုစု၍ နစကသို့ အကြိမ်ကြိမ် ပို့ဆောင် ထားသော်လည်း မြန်မာ လ၀က အနေဖြင့် ယူဆောင်ရန် ငြင်းဆန်နေကြောင်း ဘင်္ဂလာသတင်းများက အကြိမ်ကြိမ် ဖေါ်ပြခဲ့ကြသည်။

နစက-BGB တွေ့ဆုံဆွေးနွေးပွဲမှာ ဒီဇင်္ဘာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယင်းငါးဖမ်းသမား ဘင်္ဂလီ ၁၂ ဦးအား ဒေသခံနှင့် မိသားစုဝင်များက လွှတ်မြောက်အောင် ဆောင်ရွက်ပေးရန် အကြိမ်ကြိမ်ပန်ကြားခြင်းအရ BGB အနေဖြင့် ယင်းတို့အား ရယူရန်အဓိက သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။


Arakan Times သတင်းဌာန

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here