Friday, December 7, 2012

ထိုင်းဘုရင့်မွေးနေ့ဂုဏ်ပြုပွဲ၌ သျှမ်းအလုပ်သမားများအား RCSS/SSA ခေါင်းဆောင်မိန့်ခွန်းပြော

0 comments
ဒီဇင်ဘာ(၇)

ထိုင်းနိုင်ငံ ဘုရင်မင်းမြတ် ဘူမိဘောအဒူလျာဒက်ဂ်ျ၏ သက်တော် ၈၅ နှစ်ပြည့်မွေးနေ့ပွဲအား ထိုင်းနိုင်ငံရှိမြို့ နယ်တိုင်း အုပ်စုတိုင်းတွင်ကျင်းပရာ ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားသျှမ်းများလည်း မိမိနီးစပ်ရာ၌ ကျင်းပသော ပွဲတော်သို့ ပါဝင် ဂါရ၀ပြုကြကြောင်း စုံစမ်း သိရှိရသည်။
ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ ဘုရင့်မွေးနေ့ဆုတောင်းပွဲနှင့်အတူ သျှမ်းနှစ်သစ်ကူးကျင်းပ
“ဒီဇင်ဘာ ၅ ရက်မနက်ပိုင်း ဘုရင်ကြီးအသက်ရှည်စေဖို့ ဇာတာဆက်ပွဲလုပ်တယ်။ ဘုန်းတော်ကြီး ၉ ပါးက မင်္ဂလာတရား ဟောပြီး ဆုတောင်းပေးတယ် အဲဒီကျောင်းမှာ။ ထိုင်းနိုင်ငံသားတွေနဲ့အတူ သျှမ်းပြည်အလုပ် သမား ၁၀၀ ကျော် ပူးပေါင်း ပါဝင်တယ်။ ညပိုင်းပျော်ပွဲရွှင်ပွဲမှာတော့ ပရိသတ် ၁ သောင်းထက်မနည်းဘူး။ RCSS/SSA ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် စဝ်ကဏ်း ဂျစ်နဲ့ ဥက္ကဌကြီး စဝ်ယွက်စစ်က တက်ရောက်မိန့်ခွန်းပြောတယ်” ဟု ပွဲတက်ရောက် သတင်းယူသည့် သျှမ်းသံတော်ဆင့် သတင်း ထောက် စိုင်းဖောန်းလီက ပြောသည်။
RCSS ဥက္ကဌ ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က - မွေးရပ်မြေစွန့်ခွါကာ တခြားတိုင်းတပါး၌ ခိုလှုံရောက်ရှိနေကြသော သျှမ်းပြည် သားတို့အချင်းချင်း သစ္စာရှိကြရန်၊ သတိ၊ ဝိရိယ ထားရှိကြရန်သတိပေးပြောဆိုလိုက်သည်ဟု စိုင်းဖောန်းလီက ပြန်လည် ပြောပြသည်။
ဒေါန်းဂျန်ဘုန်းကြီးကျောင်း ၌ကျင်းပသော ဘုရင့်မွေးနေ့တွင်တွေ့ရသော RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီးယွက်စစ်
“သစ္စာ၊ သတိ၊ ဝိရိယ ကင်းမဲ့တဲ့သူဟာ တိုးတက်ဖို့လမ်းမရှိဘူး လို့ပြောတယ်။ နောက်တခုက အချင်းချင်းကြား မှာ တရားမ ဝင်ကိုယ်ပိုင်ကဒ်ပြား မလုပ်ကြဖို့၊ မဖြားယောင်းကြဖို့၊ ထိုင်းအစိုးရမှ တရားဝင်ပြန်ပြီးဌာန ဆိုင်ရာတွေ၊ နှစ်နိုင်ငံသဘောတူညီမှုနဲ့ လုပ်ပေးတဲ့ ကဒ်ပြားတွေသာလုပ်ဖို့ တွန်းအားပေးသင့်တယ်။ သဘောကတော့ သူများချွေးနဲစာကို တန်ဖိုးထားတတ်ဖို့ပေါ့။ အရေးကြီးတာက ကိုယ့်ရွာကိုယ့် ဒေသကလူတွေ ကို ထိုင်းကိုထပ်ပြီး မခေါ်လာဖို့ပေါ့။ လူကုန်ကူးမှုမပြုဖို့။ ခုတလောသျှမ်းပြည် က မိန်းခလေးတွေ မလေးရှား အထိသွားပြီး မကောင်းတဲ့လုပ်ငန်းတွေမှာ လမ်းမှားပြီးသွားလုပ်နေတယ်ဆိုတာ ဆက်တိုက် ကြားနေရတယ် လို့ပြောသွားတယ်” ဟု ဆိုသည်။
ဘန်ကောက်မြို့၌ကျင်းပသောပွဲတွင်လည်း သျှမ်းလူမျိုးများ ပူးပေါင်းဂါရ၀ပြု
အလားတူ ချင်းမိုင်မြို့အထွေထွေအုပ်ချုပ်ရေးရုံး၊ တော်ဝင်ပန်းခြံ Royal Flora Ratchaphruek တွင်လည်း ထိုင်းနိုင်ငံ အစိုးရက မွေးနေ့ဆုတောင်းပွဲကျင်းပရာ သျှမ်းဝတ်စုံဖြင့်တက်ရောက်ဆုတောင်းခဲ့ကြသည့် ရွှေ့ပြောင်းအလုပ်သမား အများအပြား တွေ့ရကြောင်း၊ ဘန်ကောက်မြို့ အနန္ဒဆမားခုံး(မ်း) နန်းတော် ရင်ပြင်၌ ကျင်းပသည့် အခန်းအနား၌လည်း သျှမ်းလူမျိုး ၅၀၀ ကျော်က သျှမ်းဝတ်စုံဖြင့်တက်ရောက်ကြကြောင်း သိရသည်။

သျှမ်းသံတော်ဆင့်

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here