Thursday, January 17, 2013

မြန်မာ့ရွှေ နိုင်ငံတကာ ဈေးကွက် ၀င်ရန် ပြင်ဆင်

0 comments


ရန်ကုန်မြို့ရှိ ရွှေဆိုင်တဆိုင်ကို ၂၀၁၂ ခု ဒီဇင်ဘာလ အတွင်းက တွေ့ရစဉ်(ဓာတ်ပုံ – ဂျေပိုင်/ဧရာဝတီ)
မြန်မာနိုင်ငံထွက် ရွှေများကို နိုင်ငံတကာဈေးကွက်သို့ တရားဝင် တင်ပို့ရောင်းချနိုင်ရန် စီစဉ်နေကြောင်း သတ္တုတွင်း ၀န်ကြီးဌာန သတ္တုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် က ပြောဆိုလိုက်သည်။
နေပြည်တော်တွင် အင်္ဂါနေ့က ပြုလုပ်သည့် မြန်မာနိုင်ငံ သတ္တုတွင်း လုပ်ငန်းရှင်များ အသင်းချုပ် ဖွဲ့စည်းတည်ထောင်ခြင်း နှင့် ရွေးချယ်တင်မြှောက်ခြင်း အခမ်းအနား၌ ပြောကြားခြင်း ဖြစ်သည်။
“သတ္တုတွင်း ဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်ကို တင်ထားတယ်။ ဥပဒေကြမ်း ထုတ်ပြီး ကမ္ဘာကို ရောင်းဖို့ လုပ်မယ်။ သတ္တုတွင်းချည်းပဲ မဟုတ်ဘဲ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များပါ ပြည်ပ ဈေးကွက်မှာ ရောင်းချ နိုင်အောင် လုပ်သွားမှာပါ”ဟု ဦးဝင်းထိန်က ဆို သည်။
နိုင်ငံတကာ ရွှေဈေးကွက်သို့ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များပါ ဆက်သွယ်ရောင်းချခွင့်ပြုရန် လွှတ်တော်တွင် တင်ပြထားပြီး ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ရောင်းချသွားရန် လိုအပ်သဖြင့် ရွှေလုပ်ငန်းရှင်များ အတွက် အလုပ်ရုံ ဆွေးနွေးပွဲများ လုပ်ပေးသွားရန်ရှိကြောင်း၊ ဥပဒေကြမ်းပေါ် မူတည်၍ လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။
လက်ရှိ စစ်ကိုင်း တိုင်းဒေသအတွင်း ရွှေတူးဖော်နေသည့် လုပ်ငန်းရှင် တဦးကလည်း“ကျနော်တို့ ပုဂ္ဂလိက ရွှေတူးဖော်နေတဲ့ သူ တွေလည်း မြန်မာရွှေတွေကို နိုင်ငံတကာကို ရောင်းချချင်ကြသလို၊ တရားဝင် ဈေးကွက်နဲ့ တရားဝင် လုပ်ကွက်ဖြစ်လာဖို့ အတွက် လည်း မျှော်လင့် ပါတယ်။ အဲဒါမှ ရွှေလုပ်ငန်း လုပ်ကိုင်သူတွေ အတွက် အဆင်ပြေမှာပါ”ဟု ပြောဆိုသည်။
မြန်မာနိုင်ငံရှိ ရွှေလုပ်ငန်း လုပ်ကိုင်နေသူများအတွက် စိန်ခေါ်မှုများစွာကို ရင်ဆိုင်ကျော်လွှားနိုင်ရန် သတ္တု၊ သယံဇာတ ရင်းမြစ် လုပ်ငန်း ဆိုင်ရာ ဗဟုသုတ ၊ သတင်း အချက်အလက်များ၊ သတ္တုလုပ်ငန်း နည်းပညာ၊ အဆင့်မြင့် စက်ကိရိယာ၊ သက်ဆိုင်ရာ ဓာတုပစ္စည်းများ အသုံးပြုခြင်း၊ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွန်ကြားချက်များ အပါအ၀င် အသိပညာများ တိုးတက်ဖွံ့ဖြိုးရေး ဆိုင်ရာ နည်းလမ်းရှာ၍ ကြိုးစား ရမည်ဖြစ်သည်ဟု ဦးဝင်းထိန်က ပြောသည်။
အမျိုးသားလွှတ်တော် သတ္တုနှင့် သယံဇာတရေးရာ ကော်မတီ ဥက္ကဌ ဦးနေ၀င်းထွန်းကလည်း မြန်မာနိုင်ငံ သတ္တုလုပ်ငန်းရှင်များ အသင်းချုပ် အနေဖြင့် နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်သည့် အာဆီယံ သတ္တုလုပ်ငန်း အသင်းချုပ် (AFMA) အဖွဲ့နှင့် ချိတ်ဆက် ဆောင်ရွက်သွားရန် မျှော်လင့်ထားကြောင်း အထက်ပါ အခမ်းအနားတွင် ပြောကြားသည်။
“ကျနော်တို့တွေ စက်ကိရိယာတွေ အခြေအနေအရ မသုံးစွဲနိုင်သေးတဲ့အတွက် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတာတွေ ရှိတယ်။ တချို့ ခွင့်ပြုမိန့်မရဘဲ တရားမ၀င် လုပ်နေတာတွေ တွေ့မြင်နေရတယ်။ နောက်ပြီး ခွင့်ပြုမိန့် သက်တမ်းကို ၃ နှစ်မဟုတ်ဘဲ ၅ နှစ်တိုးမြှင့် ပေးဖို့လိုအပ်ပါတယ်”ဟုလည်း ဦးနေ၀င်းထွန်းက ဆက်ပြောသည်။
နိုင်ငံတကာသို့ မြန်မာ့ရွှေကို ရောင်းချခွင့် ပြုမည်ဆိုပါက အကြမ်းထည်ရွှေ နှင့် အချောထည် ရွှေနှစ်မျိုးကို တင်ပို့ ရောင်းချသွားရန် စီစဉ်ထားကြောင်းနှင့် လက်ရှိတွင် ခွင့်ပြုမိန့်ဖြင့် လုပ်ကိုင်နေသည့် အကြီးစား ရွှေတူးဖော်ရေး ကုမ္ပဏီ ၁၀ ခု ၊ အသေးစား ကုမ္ပဏီ ၄၀၀ ရှိကြောင်း သိရသည်။
ယခင်က ပြည်ပထွက်ခွာမည်ဆိုလျှင် မြန်မာနိုင်ငံသားများသည် ရွှေ တကျပ်သား သာ ၀တ်ဆင်ယူဆောင်ခွင့် ရှိပြီး မည်သည့် ကျောက်မျက်များကိုမှ ယူဆောင်ခွင့် မပြုခဲ့ကြောင်း၊ အကယ်၍ စစ်ဆေးတွေ့ရှိပါက နိုင်ငံခြားငွေ လဲလှယ်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၉ (၂) အရ အရေးယူ ခံရမည့်အပြင် ကျောက်မျက် ရတနာ ဥပဒေ ပုဒ်မ ၃၉ ဖြင့်လည်း အရေးယူသွားမည်ဟု အကောက်ခွန် ဦးစီး ဌာနမှ ကြေညာချက် ထုတ်ထားကြောင်း သိရသည်။
ဧရာဝတီ

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here