Saturday, January 5, 2013

အမေရိကန်ဒေါ်လာ ၅၀ ဘီလျံအထိ ကုန်ကျနိုင်သည့် ထားဝယ်စီမံကိန်း တည်ဆောက်ရာတွင် နှောင့်နှေးမည်ကို မြန်မာစိုးရိမ်

0 comments

ဇန်န၀ါရီ(၅)

အမေရိကန်ဒေါ်လာ ၅၀ ဘီလျံအထိ ကုန်ကျနိုင်သည့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်း တည်ဆောက်ရာတွင် နှောင့်နှေးမည်ကို မြန်မာအစိုးရအနေဖြင့် စိုးရိမ်လျက်ရှိသည်ဟု ထိုင်းနိုင်ငံမှ National Economic and Social Development Board (NESDB) က ပြောကြားခဲ့ကြောင်း Bangkok Post ၌ ဖော်ပြထားသည်။
"မြန်မာအနေနဲ့ စီမံကိန်းနှောင့်နှေးမှာကို စိုးရိမ်နေတယ်။ အဲဒီအတွက် ကုမ္ပဏီသစ်တွေနဲ့ ထပ်ပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ ဆန္ဒရှိနေတယ်" ဟု NESDB မှ အထွေထွေအတွင်းရေးမှူး Mr. Arkhon Termpittayapaisith က ပြောကြားသည်။
မြန်မာအစိုးရအနေဖြင့် လက်ရှိ Developer အဖြစ် ဆောင်ရွက်နေသည့် အီတာလျံ-ထိုင်း အများပိုင်ကုမ္ပဏီ အပြင် မြန်မာ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီများပေါင်းကာ စုဖွဲ့ထားသည့် ကုမ္ပဏီကြီး တစ် ခုအား ထပ်မံအစားထိုး ထည့်သွင်းရန် ရှာဖွေနေကြောင်း အဆိုပါသတင်းတွင် ဖော်ပြပါရှိသည်။
လက်ရှိ အီတာလျံ-ထိုင်း အများပိုင်ကုမ္ပဏီအနေဖြင့် ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ရင်းနှီးမြှုပ်နှံမှုများ အားလုံးအတွက် စီမံခန့်ခွဲသည့် ရင်းနှီးတည်ဆောက်သူအဖြစ် လုပ်ကိုင်နေသော်လည်းအကောင်အထည် ဖော်ရာတွင် ရင်းနှီးမြှုပ်နှံငွေ မပြည့်စုံမှုကြောင့် ထိုင်းအစိုးရအပြင် ဂျပန်နိုင်ငံသို့ပါ အကူအညီတောင်းခံထားရသည်။
မြန်မာအနေဖြင့်မူ သတ်မှတ်ချိန်အတွင်း အပြီးအကောင်အထည် ဖော်နိုင်ရန်အတွက် မြန်မာ၊ ဂျပန်နှင့် ထိုင်းနိုင်ငံတို့မှ ရင်းနှီးမြှုပ်နှံမည့်ကုမ္ပဏီများ ပေါင်းထားသည့် ကုမ္ပဏီကြီးတစ်ခုအား ထပ်မံအစားထိုး ထည့်သွင်းကာ လုပ်ကိုင်လိုခြင်း ဖြစ်ကြောင်း သိရသည်။
ထားဝယ်စီမံကိန်း ပထမဆင့်အတွက် အခြေခံအဆောက်အအုံများ အကောင်အထည်ဖော်ရာတွင် ကုန်ကျ မည့် ပမာဏမှာ အမေရိကန်ဒေါ်လာ ၈ ဒမသ ၅ ဘီလျံဖြစ်ပြီး စီမံကိန်းတစ်ခုလုံးအတွက်ဆိုပါက အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ ကုန်ကျမည့် စီမံကိန်းကြီးဖြစ်ကြောင်း သိရသည်။
"မြန်မာဘက်က ပြောင်းလဲမယ်ဆိုတာကိုတော့ သတိမထားမိပါဘူး။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမယ့်သူ အသစ်တွေကို ကြိုဆိုပါတယ်။ ရင်းနှီးမြှုပ်နှံမှုများလေ ကြီးမားတဲ့ စီမံကိန်း ဖြစ်လေပါပဲ" ဟု Mr. Somchet Thinaphong(MD, DDC) က ပြောကြားသည်။
Dawei Development Co (DDC) မှ အကြီးတန်းအကြံပေးဖြစ်သူ Mr.Kiwamu Honda က ထိုင်းအစိုးရ အနေဖြင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများအပြင် ဂျပန်နိုင်ငံကိုလည်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ပြောကြားပြီး ဖြစ်သည်ဟု ထုတ်ဖော် ပြောကြားခဲ့သည်။

Eleven Media Group

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here