Tuesday, January 15, 2013

ကချင်စစ်ပွဲရပ်တန့်ရေး UWSA အပါအဝင် သျှမ်းပြည်လက်နက်ကိုင်အဖွဲ့ကြီး ၃ ဖွဲ့ ပူးပေါင်းတောင်းဆို

0 comments


စစ်ပွဲအဆင့်တိုးမြင့်လာနေသော ကချင်ပြည်နယ် တိုက်ပွဲ အမြန်ဆုံးရပ်တန့်အောင်အစိုးရမှဆောင်ရွက်ပေးရန် သျှမ်းပြည် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်း ၃ ခုမှ ပူးတွဲကြေငြာချက် ထုတ်ပြန်လိုက်သည်။
NDAA  UWSA and SSPP
မိုင်းလားတပ်မတော် ၊ ဝ တပ်မတော်နှင့် သျှမ်းပြည်တပ်မတော် SSPP/SSA 
 
သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၂ ပန်ဆန်းအခြေစိုက် UWSP / UWSA ၊ သျှမ်းပြည်အလယ်ပိုင်း ဝမ့်ဟိုင်းအခြေစိုက် အထူးဒေသ ၃ (SSPP/SSA) ၊ သျှမ်းပြည်နယ် အရှေ့ပိုင်း အထူး ဒေသ ၄ (မိုင်းလား) တို့ ပူးပေါင်း၍ ကချင်ပြည်နယ်တိုက်ပွဲ များရပ်တန့်ရန် ကြေငြာချက်ကို တရုတ်၊ အင်္ဂလိပ်၊ မြန်မာ ဘာသာ တို့ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

“ ဟုတ်ပါတယ် ကျနော်တို့ ၃ ဖွဲ့ တွေ့ဆုံပြီးတော့မှ ဒီကချင်ပြည်နယ် တိုက်ပွဲတွေရပ်တန့်ပေးဖို့ အစိုးရကို တိုက်တွန်းတာပါ။ ကျနော်တို့တိုင်းရင်းသားတွေ လွတ်လပ်ရေးရပြီးကတည်းက ခုချိန်ထိ နှစ်ပေါင်း ၆၀ ကျော်ကာလ အေးအေးချမ်းချမ်း မနေရ သေးဘူး။ အစိုးရရဲ့မြန်မာ့တပ်မတော်ကနေ တိုင်းရင်းသားတွေအပေါ် စစ်အင်အားသုံးတိုက်ခိုက်နေတာကို သမ္မတ ဦးသိန်းစိန် အစိုးရကနေ မြန်မာနိုင်ငံ ဗဟိုအစိုးရရဲ့ ဝတ္တရားအရ တားဆီးပေးဖို့ပေါ့နော်။ နှစ်ပေါင်း ၆၀ ကျော် ခံစားခဲ့ရတဲ့ ဇာတ်ဆွေးကြီးကို အစိုးရကနေ ဖြစ်သမျှ နည်းပေါင်းစုံနဲ့ ပြန်ပေါ်မလာအောင် တားဆီးပေးဖို့ အလေးအနက်တိုက်တွန်း ထားတဲ့ ကြေငြာချက်ဖြစ်ပါတယ်”  ဟု ဝ ပြည် အထူးဒေသ ၂ မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအောင်မြင့် ခေါ် လီဂျူးလျဲ့က ပြောပါသည်။

လွတ်လပ်ရေးရပြီးချိန်ကစ၍ ယခုအချိန်အထိ နှစ်ပေါင်း ၆၀ တာကာလ အတွင်း တိုင်းရင်းသားနှင့်အစိုးရအကြား ယုံကြည် မှုမရှိသဖြင့် တိုင်းပြည်စီးပွါးရေးချွတ်ခြုံကျကာ စစ်မီးတောက်လောင်ခဲ့ရသည်ဟုလည်း ကြေငြာချက် တွင်ဖော်ပြထားသည်။

“ သမ္မတကြီးအနေနဲ့ တိုင်းရင်းသားအငြင်းပွါးမှုကို ပြေငြိမ်းစေပြီးသင့်မြတ်စွာနေထိုင်နိုင်ရေးအတွက် လက်နက် ကိုင် တိုင်း ရင်းသားတပ်ဖွဲ့တွေနဲ့ အပစ်ရပ် ငြိမ်းချမ်းရေးတည်ဆောက်ဖို့ကြိုးပမ်းတယ်။ မြန်မာကို ကမ္ဘာက သိလာပြီးတော့ပိတ်ဆို့ ဒဏ်ခတ်မှုတွေလဲ လျှော့ပေးတယ်။ အခုလို အရေးကြီးတဲ့ကာလမှာ မြန်မာ့တပ်မတော်ကနေ KIA အပေါ် ထိုးစစ်ဆင်နေမှု တွေ ကိုရပ်စဲပေးသင့်ပြီ။ တိုင်းရင်းသားတွေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့အချိန်တန်ပြီ လို့ကျနော်တို့ တိုက်တွန်းချင်ပါတယ်” ဟုလည်း ဆိုပါသည်။

နိုင်ငံတော်မှ ခွဲထွက်ခြင်းမပြုသည့်ကြိုတင်မူဘောင်အောက်တွင် မြန်မာ့တပ်မတော်မှ KIA ကချင်တပ်မတော် အား ရည်စူး သည့် စစ်ဆင်ရေးကိုချက်ချင်းရပ်စဲကာ နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးရေး ပြန်လည် စတင်ရန် အဆိုပါ ကြေငြာချက်၌ ဖော်ပြ ထားသည်။

ထုတ်ပြန်ကြေငြာချက် တရုတ်ဘာသာကို ၁၂ ရက်နေ့၌လည်းကောင်း အင်္ဂလိပ်ဘာသာကို ၁၄ ရက်နေ့တွင်လည်းကောင်း မြန်မာဘာသာကို ၁၅ ရက်နေ့တွင်လည်းကောင်း ဂျန္နဝါရီလ ၁၀ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။  

12345

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here