ဖေဖော်ဝါရီ(၂၇)
ဧရာဝတီတိုင်း ဒေသကြီး၊ မအူပင်မြို့နယ်ရှိ ပလောင်ရွာတွင် ယမန်နေ့က
ဖြစ်ပွားခဲ့သော ဆန္ဒပြရွာသားများ နှင့်ရဲများ ပဋိပက္ခဖြစ်ပွား မှုတွင် ဒါဏ်ရာ
ရရှိသူ ရွာသား (၅)ဦးသည် မအူပင် ဆေးရုံကြီးသို့ ယနေ့ မနက်(၃)နာရီ
အချိန်တွင် ထပ်မံ ရောက်ရှိလာသည်။
ပလောင်ကျေးရွာတွင် ယမန်နေ့ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် ဒေါက်တာ
မြင့်စိန်ပိုင်အော့ချက်ဒ် ကုမ္ပဏီပိုင် ငါးမွေး ကန်ပေါင်အား ဖျက်ဆီး၍ လယ်မြေ
အဖြစ် ပြန်လည် လုပ်ကိုင်ရန် ဝင်ရောက် ရှင်းလင်းရာ အာဏာပိုင်အဖွဲ့အစည်း
များမှ ပုဒ်မ ၁၄၄ ထုတ်ကာ တားဆီးထားသည့် အချိန်တွင် ယင်းဒေသမှ
လယ်သမားများက ရဲတပ်ဖွဲ့ဝင်များအား ဝင်ရောက် အကြမ်းဖက်သဖြင့် ယခု
ကဲ့သို့ နှစ်ဘက် အဓိကရုဏ်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တစ်ဦးက
ပြောကြားသည်။
ယမန်နေ့တွင် မအူပင်ဆေးရုံကြီး၌ တက်ရောက် ဆေးကုသခံ နေရသူ
ရဲတပ်ဖွဲ့ဝင် ၂၇ ဦးနှင့် ဒေသခံ အမျိုးသမီး ၅ဦး အပါအဝင် ၄၀ဦးခန့် ဖြစ်ပြီး
ဒဏ်ရာ ရရှိသူများအား အချိန်မှီ ဆေးကုသနိုင်ရန် လုပ်ဆောင် နေရသဖြင့်
ယင်းသို့ အကြမ်းဖက်မှုအပေါ် တစုံတရာ အမှုဖွင့် အရေးယူရန် မပြင်ဆင်
ရသေးကြောင်းနှင့် ဦးခေါင်းအား ဓါးဖြင့် ခုတ်ခံရသဖြင့် ဒဏ်ရာပြင်းထန်သူ
ရဲတပ်ဖွဲ့ဝင်တစ်ဦး ရန်ကုန်ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှု ခံယူနေရပြီး
ယင်းဒေသခံ လယ်သမားများဘက်မှ ဂျင်ကလိ၊ ဓါး၊ ဝါးချွန်၊ တုတ်များ၊ သရေ
ခွများဖြင့် စတင်တိုက်ခိုက်ခဲ့၍ ရဲတပ်ဖွဲ့မှပြန်လည် ခုခံခဲ့ခြင်းသာ ဖြစ်ကြောင်း
မအူပင် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။
"ကြောက်ပြီး ရွာထဲမှာ ပုန်းနေကြတယ် ။ ပြဿနာ ဖြစ်တဲ့ကန် နားမှာလည်း
ရွာသား (၂ဝဝ)လောက်ရှိတယ်။ ဒဏ်ရာ ရတဲ့သူ ရှိရင် လိုက်ခဲ့ပါလို့ပြောတာ
မလိုက်ဘူး ။ ဆေးပါရင် ပေးခဲ့ပါလို့ ပြန်ပြောတယ်။ ဆရာဝန်လာရင် ပြမလား
မေးတော့ ခင်ဗျားတို့ပါရင် ပြမယ်လို့ ပြန်ပြောတယ်"ဟု ကိုထိုက်ထိုက်က ပြောကြားသည်။
"ပုဒ်မ ၁၄၄ ဆိုတာ လိုအပ်လို့ ထုတ်ထားတာ၊ ဒီနေရာတွေကလဲ ပိုင်ရှင်တွေ
ရှိပြီးသား၊ သူတို့က အတင်းဝင်လာတဲ့ပြီး လုံခြုံရေးယူထားတဲ့ ရဲတွေကိုပါ
တိုက်ခိုက်လာတာ၊ ကန်ကိုဝင်ဖောက် ရေတွေထုတ်ပြီး လယ်ကွက်ဖော်ဖို့
လုပ်နေကြတာ၊ ဒါကို လုံခြုံရေးနဲ့ သေချာတားထားတာ၊ သေတာတွေလဲ
ရှိလောက်တယ်။ ခုက အတိအကျ မသိရသေးဘူးလေ"ဟု ရဲတပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။
ရဲတပ်ဖွဲ့အနေဖြင့် တာဝန်အရ ဆောင်ရွက်ခြင်းသာဖြစ်ပြီး တိုက်ခိုက်မှုကို
စတင်ခဲ့ခြင်း မရှိကြောင်း၊ ပြန်လည် တုံ့ပြန်ခဲ့ခြင်းသာ ဖြစ်ကြောင်း၊ အခင်း
ဖြစ်ပွားချိန်တွင် ရဲတပ်ဖွဲ့ဝင် ၁၅၀ခန့်ရှိပြီး၊ ကျူးကျော်ဝင်ရောက်သူ လယ်သမား
ဦးရေမှာ ၂၀၀ကျော်ခန့်ရှိကြောင်း၊ မိမိကိုယ်တိုင်သာ ရှိနေလျှင်လည်း ပြန်လည် ပစ်ခတ်မိမည် ဖြစ်ကြောင်း၊ သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းမှာ မသေချာသေးကြောင်း၊ ယခုကဲ့သို့ ဖြစ်ပွားခဲ့ခြင်းကြောင့် အသေအပျောက်များလည်း ရှိနိုင်ကြောင်း၊ သို့သော် အတိအကျ မပြောနိုင်သေးကြောင်း မအူပင်ဆေးရုံသို့ ရောက်ရှိနေသော ရဲအရာရှိတစ်ဦးက ပြောကြားသည်။
ယင်းသို့ဖြစ်ပွားခဲ့သော မြေနေရာအား၊ အော့ချက်ဒ်ကုမ္ပဏီမှ တရားဝင် စာချုပ်စာတမ်းဖြင့် ပိုင်ဆိုင်ကြောင်း၊ ယခင်က လယ်ယာ လုပ်ကိုင်သည့်
မြေနေရာဖြစ်ပြီး၊ ယင်းကုမ္ပဏီမှ ဝယ်ယူပြီး နောက်ပိုင်း ငါးမွေးကန်အဖြစ်
ကန်ဘောင်များ တူးဖော်ထားခြင်းကို ဒေသခံများက လာရောက် ဖျက်ဆီးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
The Myanma Age