Tuesday, February 26, 2013

ကျပ်သိန်း ၆၀၀ ၀န်းကျင်ဖြင့် တက်ရောက်နိုင်မည့် အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူးသင်တန်း

0 comments
ဖေဖော်ဝါရီ(၂၆)




မြန်မာနိုင်ငံတွင် ကျွမ်းကျင်လေယာဉ်မှူးများ နည်းပါးနေခြင်းကြောင့် အရပ်ဖက်ဆိုင်ရာ လေယာဉ်မှူး
သင်တန်း ဖြစ်သည့် Myanmar Aviation Academy  ကို ပုသိမ်မြို့တွင် ဖွင့်လှစ်ရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
 
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ  ကျွမ်းကျင်လေယာဉ်မှူးများ ၊ လေယာဉ်မောင်/မယ်များ အရေအတွက်မှာ လွန်စွာနည်းပါးနေ တယ် ၊ လိုအပ်ချက်တွေကို ကျွန်တော်တို့ တတ်နိုင်သမျှ ဖြည့်ဆည်း ပေးဖို့ သင်တန်းကို ဖွင့်လှစ်ခြင်း ဖြစ်ပါတယ် ” ဟု မြန်မာ့လေကြောင်း အကယ်ဒမီမှ ဥက္ကဌ ဦးကြည်ဝင်းက ပြောသည်။
 
မြန်မာနိုင်ငံတွင် လေကြောင်းပို့ဆောင်ရေးကဏ္ဍ ဖွဲ့ဖြိုးတိုးတက်စေရန်အတွက် လေကြောင်းလိုင်းများ တိုးချဲ့လျက်ရှိခဲ့ရာ   မြို့ပြ လေကြောင်းလေယာဉ်မှူးများ၊ လေယာဉ်မောင်/မယ်များ၊ လေကြောင်းဆိုင်ရာ Technician များနှင့် ကျွမ်းကျင်သူများလည်း လိုအပ်လျက်ရှိနေကြောင်း Myanmar Avaition Academy မှ ဥက္ကဌ ဦးကြည်ဝင်းက ဆက်လက်ပြောဆိုသည်။
 
မြန်မာနိုင်ငံရှိ လေယာဉ်မှူးများ နှင့် လေယာဉ်မောင်/မယ်များသည် ဘာသာစကား စုံလင်စွာ မတက်ခြင်းကြောင့် တစ်ဦးနှင့်တစ်ဦး နားလည်မှုလွဲကာ အန္တရာယ်အခက်အခဲများ ရှိနိုင်ကြောင်း မြန်မာ့လေကြောင်းအကယ်ဒမီမှ သင်တန်းနည်းပြချုပ် Capt. ဦးသန့်ဇော် ကဆိုသည်။
 
ဘာသာစကားအခက်အခဲကြောင့် လေယာဉ်တွေ အချင်းအချင်း နားလည်မှုလွဲပြီး တိုက်မိတာတွေ ရှိပါတယ် ၊ နိုင်ငံတကာသုံး ဘာသာစကားက အင်္ဂလိပ် စကားဆိုတော့ တစ်ဦးနှင့်တစ်ဦး နားလည်အောင် မပြောနိုင်ရင် အန္တရာယ်ရှိတာပေါ့ ” ဟု မြန်မာ့လေကြောင်းအကယ်ဒမီမှ သင်တန်းနည်းပြချုပ် Capt. ဦးသန့်ဇော် က ပြောသည်။
 
သင်တန်းတက်မည့်သူများသည် အသက်(၁၇)နှစ် ပြည့်ရမည်ဖြစ်ကြောင်း ၊ သင်တန်းကာလမှ တစ်နှစ်နှင့်ရှစ်လ ကျော်ကြာမြင့် မည်ဖြစ်ကြောင်း ၊ သင်တန်းကြေးမှာ တစ်ဦးလျှင် အမေရိကန်ဒေါ်လာ (၆၅၀၀၀)ခန့်ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါ သင်တန်းကြေးကို (၄)ရစ်ခွဲ၍ ပေးသွင်းနိုင်ကြောင်း မြန်မာ့လေကြောင်းအကယ်ဒမီမှ ကျောင်းအုပ် ဦးထွန်းမြင့်က ဆိုသည်။
 
သင်တန်းကြေးက ဒေါ်လာ ခြောက်သောင်းခွဲကို အရစ်ကျပေးနိုင်ပါတယ်။ ဒီသင်တန်းကြေးထဲမှာ နေစရိတ် ၊ စားစရိတ်အကုန်အပြီးအစီး ပါဝင်တယ်။ အရစ်ကျပေးတဲ့အခါမှာလည်း Ground Training ကို မတက်ရောက် ခင် ဒေါ်လာ (၁၀၀၀၀) ၊ Flight Training ပြီးချိန်မှာ ဒေါ်လာ (၁၅၀၀၀) ၊ Integrated Training  ပြီးရင် ဒေါ်လာ (၂၀၀၀၀) ၊ နောက်ဆုံး Flight Training For CPL/IR ပြီးချိန်ဆိုရင် ဒေါ်လာ(၂၀၀၀၀) ပေးသွင်းနိုင်တယ် ဟု ဦးထွန်းမြင့်က ပြောသည်။
 
လေယာဉ်မောင်း သင်တန်းတက်ရောက်သူများအတွက် လေကြောင်းနယ်နမိတ်ကို ပုသိမ်လေယာဉ်ကွင်းအား  ဗဟိုပြု၍ မိုင်(၅၀)ပတ်လည် ချောင်းသာနယ်နိမိတ်အထိသာ စမ်းသပ်မောင်းနှင်စေမည်ဖြစ်ကြောင်းကိုလည်း  သိရသည်။ 
 
အဆိုပါ သင်တန်းတက်ရောက်သူများသည် အခြေခံပညာအထက်တန်းကို သင်္ချာနှင့် သိပ္ပံဘာသာရပ် တစ်ခုခု ဖြင့်အောင်မြင် ထားသူ (သို့မဟုတ်) GCSE “O” Level အောင်မြင်ထားသူ (သို့မဟုတ်) ၎င်းတို့နှင့်ညီမျှသော အရည်အချင်း နှင့်ကိုက်ညီသူ ၊ လေကြောင်းဆေးပညာဆိုင်ရာ ကျန်းမာရေးစစ်ဆေးမှုတွင် A1,G1 အဆင့်ရှိသူ ၊ အင်္ဂလိပ်စာ 4-Skills Test အောင်မြင် သူများကို သင်တန်းဝင်ခွင့် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုစေပြီး စီစစ်ရွေးချယ်မည်ဖြစ်ကာ လာမည့် မေလပိုင်းတွင် စတင်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက် ရှိသည်ဟု သိရှိရသည်။
 
သင်တန်းပြီးမြောက်စွာ တက်ရောက်ပြီးသူများအတွက် သင်တန်းဆင်းလက်မှတ်ပေးမည်ဖြစ်ကာ အဆိုပါ လက်မှတ်ဖြင့် မြန်မာနိုင်ငံရှိ မည်သည့်လေကြောင်းတွင်မဆို အလုပ်ဝင်လုပ်နိုင်ပြီး ပြည်ပတွင် လေယာဉ်
မှူး သွားရောက်လုပ်ကိုင်မည်ဆိုပါက ၀င်ခွင့်ထပ်မံဖြေဆိုရမည်ဖြစ်ကြောင်း သိရှိရသည်။
မြစ်မခ
 

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here