Sunday, April 7, 2013

ဒေသခံများနှင့်ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တောဝန်ထမ်းများကို အရေးယူ

0 comments
ဧပြီ(၇)
ပုပ္ပါးတောင်တွင် ဒေသခံများနှင့် ပေါင်း၍ သစ်ခိုးထုတ်သည့် သစ်တောဝန်ထမ်း လေးဦးကိုအရေး ယူမှု များပြုလုပ်ခဲ့ကြောင်း ပတ်ဝန်း ကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာနမှ သတင်းရရှိသည်။
ပုပ္ပါးတောင်တွင် သစ်ပင် များခုတ်လှဲမှုဖြစ်စဉ်၌ပါဝင်ခဲ့သည့်ဥယျာဉ်ဝန်ထမ်းတောအုပ် နှစ်ဦး၊ တောင်ခေါင်း တစ်ဦးနှင့် ဦးစီးအရာရှိ (ယာယီ အုပ်ချုပ်ရေးမှူး)တစ်ဦးတို့ကိုအရေးယူမှုပြုလုပ်ခဲ့ရာ တောအုပ် တစ်ဦးနှင့်တောခေါင်းတစ်ဦးတို့ ရာထူးတစ်ဆင့်လျှော့ချ၍ နယ်ပြောင်းရွေ့ပြီးဦးစီးအရာရှိအားစီမံအုပ်ချုပ်မှု အားနည်းသဖြင့် သတိပေး၍ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန သို့ ပြောင်းရွှေ့ခဲ့ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ်ကပြောသည်။

ပုပ္ပါးတောင်ပေါ်ရှိ သစ်ပင်များကို အထက်ပါသစ်တောဝန် ထမ်းများက ဒေသခံအချို့နှင့် ပေါင်း၍ သစ်ခိုး ထုတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

မြန်မာနိုင်ငံတွင် နယ်စပ်မှ တစ်ဆင့်တစ်ဖက်နိုင်ငံများသို့ သစ်များတရားမ၀င်ခိုးထုတ်မှု များဖြစ်ပွားနေပြီး ဖမ်းဆီးမှုများလည်းရှိနေကြောင်း သစ်များတရားမ၀င်ခိုးထုတ်မှုတွင် ၀န်ထမ်းများ ပါဝင်ပတ်သတ်နေ
သည့်အတွက် ယင်းတို့ကို ထိရောက်စွာအရေးယူမှုပြုလုပ်သင့်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ဆိုသည်။

“သစ်ခိုးထုတ်မှုတွေက အရမ်းဆိုးတယ်။ တရားဝင်ကော တရားမ၀င်ကော ပါဝင်တဲ့ သစ်တောဝန်ထမ်းတွေ ကို ရာထူးလျှော့ရုံဆို အရေးယူမှုက အားနည်းတယ်။ပြတ်ပြတ်သားသား အရေးယူဖို့လိုတယ်”ဟု ဦးအုန်း က ပြောသည်။

သစ်များတရားမ၀င်ခိုးထုတ်မှုသည် မကြာခဏဖြစ်ပွားလျက်ရှိပြီး မတ်လအတွင်း တိုင်းဒေသ ကြီးနှင့် ပြည်နယ်များ၌ တရားမ၀င်သစ်နှင့် သစ်ခွဲသားများဖမ်းဆီး ရမှုခြောက်ကြိမ်ရှိခဲ့သည်။

လက်ရှိတွင် ပုပ္ပါးတောင်၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၏ အစီအစဉ်ဖြင့် ဥယျာဉ်ဧရိယာပြုစု ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည်။

ပုပ္ပါးတောင် ဥယျာဉ်တွင် အမာခံထိန်းသိမ်းရေးနယ်မြေ ၃၁၇၆၃ ဧကရှိပြီး ပုပ္ပါးတောင် ကြိုးပြင် ကာကွယ်တော (ကြားခံနယ်မြေ) ၁၁၇၄၂ ဧကရှိပြီးစုစုပေါင်းဧက ၄၃၅၀၅ ဧကဖြင့် ဖွဲ့ စည်းထားသည်။ ၂၀၀၈ မတ်လ ၁၃ ရက်တွင် ကြိုးပြင်ကာကွယ် တော ၁၁၇၄၂ ဧက သတ်မှတ်ပြီးနောက်ပိုင်း အသစ်ထပ်မံတိုးချဲ့ဆောင်ရွက်ခြင်းမျိုး လုံးဝမရှိကြောင်း အထက်ပါညွှန်ကြားရေးမှူးချုပ်က ပြောသည်။

7Day News Journal

Leave a Reply

 
Shan News © 2011 DheTemplate.com & Main Blogger. Supported by Makeityourring Diamond Engagement Rings

You can add link or short description here